ဆန်းချက်နေရာတွင် အစားထိုးရန် မဲလ်ကွန်ကို အာဆင်နယ် ခေါ်ယူမည်
အာဆင်နယ်အသင်းဟာ အသင်းကနေထွက်ခွာဖို့ ဆန္ဒပြင်းပြနေတဲ့ အလက်ဆစ်ဆန်းချက်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘော်ဒိုးအသင်းက ဘရာဇီး တောင်ပံကစားသမား မဲလ်ကွန်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
ဘော်ဒိုးအသင်းဟာ မဲလ်ကွန်အတွက် ပေါင် ၄၅ သန်းထိ အလိုရှိနေပေမယ့် အာဆင်နယ် အသင်းကတော့ ပေါင် ၃၅ သန်းလောက်နဲ့ ခေါ်ယူလိုနေတာပါ။
အာဆင်နယ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းပိုင်း သိသိသာသာ ဆိုးရွားနေခဲ့ပြီး ပွဲပြီးခါနီးမိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရလို့ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တွေကတော့ အသင်းရဲ့ရလဒ်နဲ့ပတ်သက်ပြီး ဒေါသတကြီး ဖြစ်နေကြပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ အိုဇေးလ်၊ ဆန်းချက် စတဲ့ အဓိက ကစားသမားတွေ မပါတဲ့ ပွဲစဉ်တိုင်း ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ အာစင်ဝင်းဂါးရဲ့ နည်းဗျူဟာပိုင်းကို မေးခွန်းထုတ်နေကြပါတယ်။