A d v e r t i s e m e n t With Us

ဆင်းရဲနွမ်းပါးသည့် မသန်စွမ်း ကလေးကို ရဲတပ်ဖွဲ့က ကလေးများနေ့သို့ ပို့ဆောင်ပေး

ဓာတ်ပုံ - thaided
နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ ဒုတိယပတ် စနေနေ့မှာ ထိုင်းနိုင်ငံတဝန်းလုံး ကလေးများနေ့ အခမ်းအနား ကျင်းပကြပါတယ်။ အဲဒီနေ့မှာ အုပ်ထိန်းသူ မိဘတွေက မိမိသားသမီးတွေနဲ့အတူ ကလေးများနေ့ပွဲတော် တနေရာပြီးတနေရာ အလည်အပတ် ပို့ဆောင်ပေးကြပါတယ်။ ဒါပေမယ့် တနှစ်မှတခါ ဒီလို ပျော်စရာကောင်းတဲ့ပွဲကို မနွှဲနိုင်တဲ့ ကလေးတွေလည်း ရှိပါတယ်။ ဒီထဲမှာ ထိုင်းအရှေ့မြောက်ပိုင်း နခွန်းနာယုဒ်ခရိုင် နခွန်းနာယုဒ်မြို့က အသက် ၁၃ နှစ်အရွယ် နောင့်နိန် (ခေါ်) ဂျေဆဒါလပိုင် ဆိုတဲ့ ကောင်လေးတယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူဟာ မွေးကတည်းက ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသလို မိဘတွေကလည်း ချို့တဲ့နွမ်းပါးတဲ့အတွက် တခါမှ ကလေးများနေ့ပွဲကို မသွားဖူးပါဘူး။ ပြီးခဲ့တဲ့ ကလေးများနေ့က နခွန်းနာယုဒ် ရဲစခန်းမှာလည်း ကလေးများနေ့ ပျော်ပွဲရွှင်ပွဲကျင်းပပြီး ထောင်နဲ့ချီတဲ့ကလေးတွေ လာရောက်ဆင်နွှဲနေကြပါတယ်။ နောင့်နိန်ရဲ့ မိခင်က ရဲစခန်းဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ ဓာတ်ပုံတွေကြည့်ပြီး သူမလည်း သားကို သူများကလေးတွေလို ပျော်ရွှင်စေလိုကြောင်း၊ ဒါပေမယ့် မိသားစုမှာ အခက်အခဲရှိနေတယ်လို့ ကွန်းမန့်ဝင်ရေးလိုက်ပါတယ်။ ဒီအကြောင်း စခန်းမှူးက သိသွားတဲ့အခါ အဲဒီကလေးကို သွားကြိုဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်တာပါ။ ရဲတပ်ဖွဲ့ဝင်တွေက နောင့်နိန်ရဲ့အိမ်ကို စုံစမ်းရှာဖွေပြီး ရုတ်တရက် ရောက်သွားတဲ့အခါ မိခင်ရော သားရော အိမ်နီးချင်းတွေပါ အားလုံး ထိတ်လန့်အံ့သြသွားပါတယ်။ နောက်မှ ရဲတွေက သားကိုပွေ့ချီပြီး ကားပေါ်တင်ကာ ကလေးများနေ့ အခမ်းအနားကို ပို့ပေးမယ်လို့ပြောမှ ဝမ်းနည်းဝမ်းသာ ဖြစ်သွားပါတယ်။ နောင့်နိန်ဟာ ကလေးများနေ့အခမ်းအနားမှာ ဉာဏ်စမ်းပဟေဠိ မေးခွန်းတွေပါ ပါဝင်ဖြေဆိုပြီး တခြားဂိမ်းစ်တွေ ကစားကာ မုန့်နဲ့ ဆုတွေ အများကြီးရခဲ့ပါတယ်။ စခန်းမှူးက ထိုင်းနိုင်ငံ ကလေးများနေ့မှာ ကလေးတိုင်းကို ပျော်ရွှင်စေလိုကြောင်း၊ အထူးသဖြင့် အခွင့်အလမ်းမဲ့ကလေးတွေကို စိတ်ချမ်းသာ ပျော်ရွှင်စေလိုကြောင်း၊ နောင့်နိန်ရဲ့ မိခင် ဖေ့စ်ဘွတ်ခ်ထဲ ရေးထားတာတွေ့လို့ မိမိရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားခဲ့ကြောင်း ကလေးများနေ့ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။ နောင့်နိန်ရဲ့ မိခင်ကလည်း သူ့မှာ မသန်မစွမ်းသားကိုသာ ပြုစုနေရလို့ အလုပ်မလုပ်နိုင်ကြောင်း၊ ကြုံရာကျဘမ်း အလုပ်လုပ်သူ ခင်ပွန်းလုပ်စာကိုသာ မှီခိုစားနေရတာကြောင့် သားကို ဘယ်တော့မှ အလည်အပတ် မပို့ပေးနိုင်ခဲ့ကြောင်း၊ ဒီနေ့မှာ ပထမဆုံး ကလေးများနေ့ ပါဝင်ဆင်နွှဲခွင့်ရတဲ့ သားအတွက် အရမ်းဝမ်းသာမိသလို ရဲတပ်ဖွဲ့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up