တရုတ်ဆီးသီးများ ရာသီဥတု ဖောက်ပြန်မှုကြောင့် အထွက်နှုန်းကျဆင်း

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ နဘူးအိုင်၊ မြင်းခြံကားလမ်းဘေးရှိ ဆီးသီးစိုက်ပျိုးတဲ့ ခြံတွေမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆီးပန်းသီး (ခ) တရုတ်ဆီးသီးတွေ အထွက်နှုန်း မနှစ်ကထက် ထက်ဝက်ခန့် လျော့နည်းသွားတယ်လို့ ဆီးသီးခြံပိုင်ရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
တူရွင်းဘို့ရွာမှ ဇီးသီးခြံ ပိုင်ရှင်ဖြစ်တဲ့ ကိုမျိုးပိုင်က “ဒီနှစ်က ရာသီဥတု ဖောက်ပြန်တော့ ဆီးသီး အသီး သီးတဲ့နှုန်းက မနှစ်ကနဲ့စာရင် ထက်ဝက်ကျဆင်းသွားတယ်။ ပြီးတော့ အသီး ခူးဆွတ်ခါနီးမှ မိုးကရွာတော့ အသီးတွေ ကွဲအက်ကွဲကုန်တယ်။ မိုးရွာပြီး ရာသီဥတုက ပြန်အေးလာတော့ အသီးတွေက မချိုတော့ဘူး။ အရသာ ပျက်ကုန်တာပေါ့၊ ဆီးသီးက တခြား ထွက်ပေါက်လည်း မရှိဘူး။ ပိုဆိုးတာက အရောင်းအဝယ်ကောင်းကောင်း မဖြစ်သေးဘူးဆိုတော့ ခြံစိုက်ပျိုးသူတွေ အခက်တွေ့တာပေါ့”လို့ ပြောပါတယ်။
ဆီးသီးခြံပိုင်ရှင် ဒေါ်ခင်နိုင်က “ဒီနှစ်က ဆီးသီးအရောင်းအဝယ် မကောင်းဘူး။ အသီး သီးနှုန်းက ထက်ဝက်မက ကျဆင်းသွားတယ်။ ပြီးတော့ အချိန်ခါမဟုတ် မိုးရွာလိုက်တော့ ဆီးသီးတွေ ပျော့သွားတယ်။ အရသာပေါ့သွားတယ်။ ခုတော့ အပင်တွေကို ပြန်ပြီး အားဆေး ပြန်ကျွေးနေရတယ်၊ နောက်ပိုင်းမှ အသီးတွေ ပြန်ကောင်းမလားမသိဘူး၊ ခုတော့ လက်ရွေးခူးပြီး ရောင်းနေရတာပေါ့”လို့ ပြောပါတယ်။
ဆီးပန်းသီး (ခ) တရုတ်ဆီးသီး စိုက်ပျိုးသူ ၄၀ ဦးခန့်ရှိပြီး ဇန်နဝါရီလဆန်းပိုင်းလောက်မှာ စတင် အသီးခူးဆွတ်ရပြီး ဖေဖော်ဝါရီ လကုန်ပိုင်းလောက်အထိ ထွက်ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဆီးသီး ၁ တင်းကို ငွေကျပ် ၁၂၀၀၀ ရောင်းရပြီး ဒီနှစ် ဆီးသီးပေါ်ချိန်မှာ ၁ တင်းကို ၈၀၀၀ ကျပ်နှုန်းနဲ့သာ ရောင်းချရပေမယ့် ဆီးသီးအရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။
သတင်း - ရီရီထွန်း (မြင်းခြံ)