ချောက်မြို့တွင် ပစ်မှတ် မီးငြိမ်းသတ်ခြင်း လေ့ကျင့်မှုပြုလုပ်
DVB
·
January 14, 2018
ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့က ပစ်မှတ်မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုကို ချောက်မြို့မဈေးကြီးမှာ ဒီနေ့ညနေ ညနေ ၄ နာရီက ချောက်မြို့နယ် ဌာနဆိုင်ရာတွေ၊ ပရဟိတ အသင်းတွေနဲ့အတူ ကွင်းဆင်းလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
“ချောက်မြို့ဈေးကြီးကို ပစ်မှတ်ထား ပြုလုပ်ရတာက အများပြည်သူ ထင်သာမြင်သာရှိအောင် အများပြည်သူကိုလည်း အသိပေးသတိပေးပြီးဖြစ်အောင်၊ နောက် ဌာနဆိုင်ရာတွေလည်း တကယ်ဖြစ်လာရင် မိမိတို့အနေနဲ့ ဘယ်အခန်းကဏ္ဍမှာ တာဝန်ယူ ဆောင်ရွက်ရမယ် ဆိုတာကို သိရှိအောင် ဇာတ်တိုက်လေးကျင့်ပေးတာပါ။ ချောက်မြို့နယ်ဟာ နွေရာသိဆိုရင် အရမ်းပူပြင်းခြောက်သွေ့ပြီး ရေနံမြေလည်းရှိတဲ့ ဒေသဖြစ်နေတာကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုစိုက်ရမယ့် ဒေသဖြစ်ပါတယ်” လို့ ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးစိုးညွန့်က ပြောပါတယ်။
ချောက်မြို့နယ် အတွင်း ၂၀၁၆ ခုနှစ် မီးလောင်မှု ၁၀ ကြိမ်ဖြစ်ပြီး ဆုံးရှုံးမှုမှာ ၁၇၉၁၅၀၀ ကျပ် ရှိခဲ့ပါတယ်။ ၂၀၁၇ မီးလောင်မှု ၈ ကြိမ်မှာ ဆုံးရှုံးမှုတန်ဖိုး ၁၆၅၆၃၅၀၀ ကျပ် ရှိခဲ့တယ်လို့ မီးသတ်ဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။
အဆိုပါ လေ့ကျင့်မှုကို မီးသတ်ရေယဉ် ၄ စီး၊ ရေသယ်ယဉ် ၁ စီး၊ မနောဖြူ အသင်း(ချောက်)ရေသယ်ယဉ် ၁ စီး၊ မြို့နယ် မီးငြှိမ်းသတ်ရေး အထောက်ကူပြု ရေသယ်ယဉ် ၁ စီးနဲ့ ပုဂ္ဂလိက ရေသယ်ယဉ် ၂ စီး၊ မီးသတ်အင်အား ၂၂ ဦး၊ အရံမီးသတ် ၃၅ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(ချောက်)၊ မြို့နယ်စည်ပင်နဲ့ စည်ပင်သာယာရေး ကော်မတီ၊ မြို့မဈေးသူ ဈေးသားတွေနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
သတင်း - ကိုလင်း (ချောက်)