ဆန်းချက်ဇ်အနေဖြင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့သင့်ကြောင်း ဖာဒီနန် ပြော
အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ့်အစား မန်စီးတီးအသင်းကိုပဲ ပြောင်းရွှေ့သင့်တယ်လို့ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က သုံးသပ်ပြောကြားလိုက်ပါတယ်။
ဆန်းချက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့မှသာ ဆုဖလားတွေ ပိုမိုရရှိနိုင်မယ်လို့ ဆိုပါတယ်။
ဆန်းချက်ဇ်ဟာ လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီးတော့ မန်ချက်စတာမြို့ခံအသင်း ၂ သင်းလုံးက ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့ကတည်းက ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပေါင် ၂၅ သန်းနဲ့ မကြာသေးတဲ့အချိန်ကမှ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပဲ ဖြစ်ပါတယ်။
ဆန်းချက်ဇ်ဟာ လက်ရှိမန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာနဲ့ ဘာစီလိုနာအသင်းမှာ လက်တွဲခဲ့ဖူးပြီးတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိထားခဲ့ပါတယ်။