၁၆ ထပ် တိုက်ပေါ်က လေထီးဖြင့် စွန့်စားခုန်ချသူကို ဝေဖန် (ရုပ်သံ)

1.2K
ရုရှားလူမျိုး အမြင့်ခုန်စွန့်စားသူတဦးက အလိုအလျောက်ပွင့် လေထီးနဲ့ ၁၆ ထပ် တိုက်ခန်းပေါ်ကနေ ခုန်ချတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။
တိုက်ပေါ်မှ ခုန်ချသူရဲ့ သူငယ်ချင်းက အန္တရာယ်များတဲ့ စွန့်စားမှုကို ရုပ်သံ ရိုက်ကူးခဲ့တာဖြစ်ပြီး ရုပ်သံထဲမှာ ရုရှားနိုင်ငံ အိုင်ဗင်နိုဗိုမြို့ရဲ့ ၁၆၀ ပေအမြင့် ဝရန်တာပေါ်ကနေ ခုန်ချသူက ခုန်ချခဲ့တာပါ။
ခုန်ချသူက နှင်းတွေအပြည့်နဲ့လမ်းမပေါ်ထက် ညင်သာစွာ ရွှေ့လျားပြီး မြေပြင်ပေါ် အန္တရာယ်ကင်းကင်း ဆင်းသက်လိုက်တာ ရုပ်သံထဲ တွေ့ရပါတယ်။
ရုပ်သံက ရုရှားနိုင်ငံအတွင်း လူမှုကွန်ရက်ပေါ် အမြန်ပျံ့နှံ့သွားပေမယ့် အမြင့်ခုန်ချသူရဲ့ အန္တရာယ်များတဲ့ လုပ်ရပ်ကိုတော့ လူတွေက ဝေဖန်နေကြပါတယ်။
ဝေဖန်သူတွေက ဒီလူကို လူမိုက်၊ ဒီလုပ်ရပ်က သိပ်ကြောက်စရာကောင်းတာပဲလို့ မှတ်ချက်ပေးကြပြီး လူမှုကွန်ရက်မှာ မှတ်ချက်ပေးသူ တဦးကတော့ “လူတွေက လူမှုကွန်ရက်ပေါ်မှာ လိုက်ခ်တွေရဖို့အတွက် သူ့တို့အသက်တွေကို စွန့်စားတာပဲ၊ သူတို့ရဲ့ မိုက်မဲမှုအတွက် ကျနော် သူတို့ကို လေးစားမှု မရှိပါဘူး” လို့ ပြောပါတယ်။
ဒါပေမယ့် ကြည့်ရှုသူ တချို့ကတော့ ခုန်ချသူရဲ့ ကျွမ်းကျင်မှုကို အထင်တကြီး ရှိပြီး “သိပ်ကောင်းတဲ့ ခုန်ချက်ပဲ အမှတ် ၁၀ လောက်ရှိတယ်” ဆိုပြီး မှတ်ချက်ပေးခဲ့ကြောင်း မေရာသတင်းမှာ ဇန်နဝါရီ ၁၂ ရက်က ဖော်ပြထားပါတယ်။