ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ဆရာဝန်ကြီးများ ရေးမြို့တွင် အခမဲ့ကုသပေး
မွန်ပြည်နယ် ရေးမြို့ ပြည်သူ့ဆေးရုံမှာ ဒီနေ့ မနက်က အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန မှ ဒေါက်တာ တင်မျိုးဝင်းဦးဆောင်တဲ့ အထူးကုဆရာဝန်ကြီးတွေနဲ့ အဖွဲ့ဝင် ၅၅ ဦးတို့က အခမဲ့စမ်းသပ်ကုသပေးနေပါတယ်။
ခွဲစိတ် သွားဖွားမီးယပ် ကလေးအထူးကု သွားနှင့်ခံတွင်း မျက်စိ အထွေထွေရောဂါ အပ်စိုက် ရောဂါတွေကို ရေးမြို့နယ်မှ မြို့ပေါ်နဲ့ ကျေးရွာကပါ လာရောက်ပြသကုသပေးနေတယ်လို့ အမျိုးသားကျန်းမာရေးကွန်ရက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုလို အမျိုးသားကျန်းမာရေးကွန်ရက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လမ်းညွှန်မှုနဲ့ ၂၀၁၃ ခုနှစ် ဧပြီ ၆ ရက်နေ့က စတင်ခဲ့တာလို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မွန်ပြည်နယ်မှာ သံဖြူဇရပ်နဲ့ ဘီးလင်းမြို့ရှိ ရောဂါဝေဒနာရှင် ၁၅၀၀ ဝန်းကျင် ကုသပေးပြီး ၂၀၁၈ ခုနှစ်မှာ အခု မွန်ပြည်နယ်၊ ရေးမြို့နယ်အပြင် တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း ဆက်လက်ကုသပေးဖို့ ရှိတယ်လို့ သိရပါတယ်။
သတင်း - နေမျိုးထွဋ် (ရေး)