မီးလောင်ဆဲ အီရန်သင်္ဘောမှ သင်္ဘောသား ၂ ဦးအလောင်း တွေ့ရှိ

1.4K
ဂျပန်အထူးစီးပွားရေးဇုန်ထဲမှာ မီးလောင်နေဆဲ အီရန်ရေနံတင်သင်္ဘောပေါ်မှာ သင်္ဘောသား ၂ ဦးရဲ့ အလောင်းကို သင်္ဘောကုန်းပတ်ပေါ်ကနေ စနေနေ့မှာ တွေ့ရှိခဲ့ပါတယ်။
ဒီသင်္ဘောပေါ်က သင်္ဘောသား ၃၂ ဦး ပျောက်နေတာပါ။ ရေနံစိမ်းစည် ၁ သန်းနီးပါး တင်လာတဲ့ ဒီသင်္ဘောဟာ အရှေ့တရုတ်ပင်လယ်ထဲမှာ တခြားသင်္ဘောတစင်းနဲ့ တိုက်မိပြီးကတည်းက မီးလောင်နေတာ သီတင်းတပတ်နီးပါး ရှိနေပါပြီ။
ရေနံတင်သင်္ဘောပေါ်မှာ လောင်နေတဲ့မီးကို ရေယာဉ် ၁၃ စင်းနဲ့ ငြှိမ်းသတ်နေပါတယ်။
တရုတ်နိုင်ငံပိုင် စီစီတီဗွီ သတင်းဌာနရဲ့ စနေနေ့ သတင်းဖော်ပြချက်အရ ကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးဟာ ရေယာဉ်မှူး အခန်းထဲကို ၀င်ရှာခဲ့ပေမယ့် တဦးမှ မတွေ့ခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ပြင် သင်္ဘောသားတွေ နားနေဆောင်မှာ အပူချိန် ၈၉ ဒီဂရီအထိ မြင့်တက်နေလို့ ကယ်ဆယ်ရေးသမားတွေ ၀င်ရှာဖို့ အခက်အခဲတွေ့ ခဲ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဟာ သင်္ဘောပေါ်ကနေ သင်္ဘောခုတ်မောင်းမှု မှတ်တမ်းတင်စက်ကို ရှာတွေ့ခဲ့ပါတယ်။
လေပြင်းတိုက်တာနဲ့ ရေစီးကြောင်း ကြောင့် ရေနံတင်သင်္ဘောဟာ ဇန်န၀ါရီ ၁၀ ရက်နေ့မှာ ဂျပန်အထူး စီးပွားရေးဇုန်ထဲ မီးလောင်ပြီး မျောလာတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။