အိုလံပစ်ပြိုင်ပွဲအတွက် မြောက်ကိုရီးယား ဖျော်ဖြေရေးအဖွဲ့ စေလွှတ်ရေး ဆွေးနွေး

တောင်ကိုရီးယားမှာကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲအတွက် မြောက်ကိုရီးယား ဖျော်ဖြေရေးအဖွဲ့ စေလွှတ်ရေး အလုပ်သဘောအဆင့်ဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့မှာ ကျင်းပဖို့ မြောက်ကိုရီးယားဘက်က အဆိုပြုလိုက်ပါတယ်။
ဆွေးနွေးပွဲတက်ရောက်မယ့် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ဦးဆောင်မယ်လို့ ၀န်ကြီးဌာန ပြောခွင့်ရသူက ဇန်န၀ါရီ ၁၃ ရက်နေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါ။
ဒါ့ပြင် ဆောင်းရာသီအိုလံပစ်မှာ မြောက်ကိုရီးယား အားကစားသမားတွေ ပါဝင်ရေး လုပ်ငန်းအဆင့် ဆွေးနွေးပွဲရက်ကိုလည်း မြောက်ကိုရီးယားဘက်က အဆိုပြုချင်တယ်လို့ ၀န်ကြီးဌာနက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမြို့မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ ကြာမြင့်မှာပါ။
စနေနေ့အစောပိုင်းတုန်းကလည်း တောင်နဲ့မြောက် ကိုရီးယားအမျိုးသမီး ဟော်ကီအားကစားသမားတွေစုပြီး တသင်းဖွဲ့ကာ အိုလံပစ်ပွဲမှာပါဝင်ဖို့ တောင်ကိုရီးယားဘက်က အဆိုပြုထားတာကို မြောက်ကိုရီးယား နိုင်ငံတကာအိုလံပစ် ကော်မတီက ပြန်လည်သုံးသပ်နေတယ်လို့ ယွန်ဟတ် သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ သိထားတာ မရှိဘူးလို့ တောင်ကိုရီးယားအစိုးရ ဘက်က ပြောပါတယ်။