လားဟူရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ




1.2K
လားဟူရိုးရာနှစ်သစ်ကူးပွဲကို နှစ်စဉ်တပို့တွဲလဆန်း ၁ ရက်မှာ စတင်ကျင်းပလေ့ရှိပြီး အခြားရိုးရာ ဂျင်ပေါက်အားကစားနည်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွေကိုလည်း ရက်သတ္တပတ်ခန့် ပျော်ရွှင်စွာဆင်နွှဲ ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။
“ကျနော်တို့ လားဟူရိုးရာ နှစ်သစ်ကူးပွဲအကြို အထိမ်းအမှတ်အဖြစ် ဂေါက်သီးအားကစား မြှင့်တင်စေချင်တဲ့ စေတနာနဲ့ ခုလိုပွဲလေးစီစဉ်ဖြစ်တာပါ။ ဆုအမျိုးအစား ၁၀ မျိုးပေးသွားဖို့ စီစဉ်ထားပါတယ်။ ဂေါက်သီးသမားတွေအတွက်လည်း ဦးထုပ်၊ စပို့ရှပ်နဲ့ လက်အိတ်တွေပါ စီစဉ်ပေးထားပါတယ်” လို့ ပွဲစီစဉ်ပေးသူ လားဟူတိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးအိုက်ဆန်းက ပြောပါတယ်။
“ရွှေမိုင်းတုံဂေါက်ကလပ် အသင်းဝင် ၂၀ ဦးနဲ့ ပြင်ပဧည့်သည်တော် ၁၀ ဦးဖိတ်ကြားထားပါတယ်။ ဂေါက်ပြိုင်ပွဲစည်းကမ်းအရ အားကစားသမားတွေ သိသင့်သိထိုက်တဲ့ စည်းမျဉ်းတွေကိုလည်း တဦးချင်း ဝေငှပေးထားပါတယ်။ ကျနော်တို့ကတော့ မိုင်းတုံမြို့မှာ ဂေါက်သီးအားကစားသမားတွေ ပေါ်ထွက်လာဖို့ ဝါသနာရှင်တွေစုပေါင်းပြီး ရွှေမိုင်းတုံ ဂေါက်ကလပ်ဖွဲ့စည်းပြီး နေ့ထူးနေ့မြတ်တွေမှာ ခုလိုပြိုင်ပွဲတွေ ကျင်းပပေးခဲ့တာဖြစ်ပါတယ်” လို့ ရွှေမိုင်းတုံ ဂေါက်ကလပ်ဥက္ကဋ္ဌ ဦးမင်းမင်းဇော်က ပြောပါတယ်။
ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယ၊ ပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ ကျင်းနဲ့အနီးဆုံးဆု၊ လိုင်းနဲ့အနီးဆုံးဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ အကောင်းဆုံးအရှုံးသမားဆုနဲ့ ကျင်းပုန်းဆုတွေကို ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။
သတင်း - အောင်ဇေယျ