တူနီးရှားတွင် အတိုက်အခံခေါင်းဆောင်များအပါအ၀င် လူ ၁၅၀ ခန့်ကို ဖမ်းဆီး

1.3K
တူနီးရှားနိုင်ငံ မတည်ငြိမ်မှုအတွင်း ရဲတွေက အတိုက်အခံ ခေါင်းဆောင်တွေ အပါအဝင် လူအယောက် ၁၅၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။
တူနီးရှားနိုင်ငံအတွင်း ကုန်ဈေးနှုန်းနဲ့ အခွန်မြင့်တက်မှုကြောင့် ဒီသီတင်းပတ်အတွင်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ပြီး မတည်မငြိမ် ဖြစ်နေတာပါ။
ဒါကြောင့် အာဏာပိုင်တွေက ဒေသခံ အတိုက်အခံ ခေါင်းဆောင်တွေ အပါအဝင် လူအယောက် ၁၅၀ လောက်ကို မနေ့က ဖမ်းဆီးခဲ့ပါတယ်။
တူနီးရှား နိုင်ငံတလွှား တနင်္လာနေ့က စပြီး အကြမ်းဖက်မှုတချို့ပါတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ကြာသပတေးနေ့မှာတော့ ဆန္ဒပြသူ တယောက် အသတ်ခံခဲ့ရပါတယ်။
ဆန္ဒပြသူတွေက ဒါဇင်နဲ့ချီတဲ့ အစိုးရ အဆောက်အဦတွေကို မီးရှို့ခဲ့ကြလို့ အစိုးရက မြို့နဲ့ မြို့နယ် အတော်များများကို စစ်တပ် စေလွှတ်ခဲ့ရတာပါ။
အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက မြို့တော် တူးနစ်မှာ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ ချီတက် ဆန္ဒပြပွဲတွေ အသစ်ဆင်နွှဲဖို့ လူထုကို မေတ္တာရပ်ခံ ခဲ့ပါတယ်။
ဒါဟာ ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးအတွင်း အာဏာကျဆုံးခဲ့တဲ့ ပထမဆုံး ခေါင်းဆောင် တူနီးရှား သမ္မတ ဇိုင်း အယ် အဘစ်ဒင် ဘင်အလီရဲ့ အာဏာကို ဖယ်ရှားခဲ့တဲ့ ၇ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အာဏာသက်ရောက်တဲ့ ဒီနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းမှာ အခွန်တိုးတာ နဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေအပေါ် ဒေါသထွက်ခဲ့လို့ ခုလို ဆန္ဒပြ နေကြတာ ဖြစ်ပါတယ်။