ဆော်ဒီတွင် အမျိုးသမီးများ ဘောလုံးပွဲကြည့်ရန် ပထမဦးဆုံးအကြိမ်အဖြစ် ခွင့်ပြု

ဆော်ဒီအာရေဗျနိုင်ငံက လွန်ကဲတဲ့ရှေးရိုးစွဲဝါဒနဲ့ ကျား၊ မ ခွဲခြားထားတဲ့ တင်းကျပ်တဲ့ ဥပဒေတွေကို ဖြေလျော့လိုက်တဲ့အနေနဲ့ အမျိုးသမီးတွေကို ပထမဦးဆုံးအကြိမ်အဖြစ် ဘောလုံးပွဲ ကြည့်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
အမျိုးသမီး ဘောလုံးပွဲကြိုက်သူတွေ ဇန်နဝါရီလ ၁၂ ရက်နေ့က ဂျဒက်မြို့က အားကစားရုံမှာ မိသားစုများအတွက်သာဆိုတဲ့ ဂိတ်ပေါက်ကနေလာပြီး မိသားစုဝင်များအတွက်ဆိုတဲ့ ထိုင်ခုံတွေမှာ ထိုင်ကာ ပထမဦးဆုံးအနေနဲ့ ဘောလုံးပွဲကြည့်ခွင့် ရခဲ့ကြတာပါ။
အမျိုးသမီးတွေ ခွဲခြားခံခဲ့ရပေမယ့် အခု အားကစားရုံမှာ သူတို့ရှိနေတာကတော့ ဘုရင့်နိုင်ငံအတွက် ထူးခြားတဲ့အခိုက်အတန့်တခုပါ၊ ဒီပြောင်းလဲမှုကလည်း နိုင်ငံကို ခေတ်မီဖို့ ရည်ရွယ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော်များများပြီးနောက် လုပ်ဆောင်ခဲ့တာပါ။
ဂျဒက်မြို့က အားကစားရုံမှာ ဘောလုံးပွဲကြည့် အမျိုးသမီးတွေကို ကြိုဆိုနှုတ်ဆက်ဖို့ အမျိုးသမီးဧည့်ကြိုတွေကို အလုပ်ခန့်ထားပြီး ပွဲကြည့်အမျိုးသမီးတွေနဲ့ ဧည့်ကြိုအမျိုးသမီးတွေအားလုံး အနက်ရောင် ရိုးရာဝတ်စုံကိုပဲ ဝတ်ဆင်ထားကြပါတယ်။
အားကစားရုံထဲ အမျိုးသမီးပွဲကြည့်ပရိသတ်ဝင်လာတာကို ကြိုဆိုတဲ့လူတွေက ထောင်သောင်းပေါင်းများစွာရှိပြီး အသက် ၃၂ နှစ်အရွယ် ဘောလုံးပွဲနှစ်သက်သူ လမ်ယာခါလက်နာဆာဆိုတဲ့ အမျိုးသမီးက သူမအနေနဲ့ ဒီလိုအပြောင်းအလဲကြီး တခုအတွက် သက်သေတဦးအနေနဲ့ ဖြစ်ရတာ အရမ်း ဂုဏ်ယူကြောင်း အေအက်ဖ်ပီသတင်းကို ပြောပါတယ်။
ဆော်ဒီအစိုးရက ပြီးခဲ့တဲ့အပတ်က ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယ ကစားပွဲနဲ့ နောက်တပတ်ကြာသာပတေးနေ့မှာ ကျင်းပမယ့် တတိယ ကစားပွဲကို အမျိုးသမီးတွေ ကြည့်ခွင့်ရှိတယ်လို့ ပြောထားသလို ဘောလုံးအသင်းတွေကလည်း ၁၂ ရက်နေ့ ပထမကစားပွဲ မတိုင်ခင်ကတည်းက အမျိုးသမီးတွေလာကြည့်ဖို့ တွီတာပေါ်မှာ တိုက်တွန်းထားတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဘောလုံးပွဲမတိုင်ခင် ဇန်နဝါရီလ ၁၂ ရက်နေ့ အစောပိုင်းမှာလည်း နောက်ထပ် ပြောင်းလဲမှု အမှတ်အသား တခုအနေနဲ့ အမျိုးသမီးတွေအတွက် နိုင်ငံရဲ့ ပထမဦးဆုံးသော ကားအရောင်းပြခန်းကို ဖွင့်လှစ်ခဲ့သလို ဒီနှစ်ဇွန်လမှာတော့ အမျိုးသမီးတွေကို ကားစတင် မောင်းခွင့်ပြုတော့မှာပါ။