A d v e r t i s e m e n t With Us

ထန်းတပင်မြို့တွင် ငလျင်လှုပ်ခတ်

ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းထဲမှာ ငလျင်ငယ်တခု လှုပ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၉ မိနစ်က ကမ္ဘာအေးငလျင်စခန်းက အနောက်မြောက်ဘက်  ၁၃ မိုင်လောက်အကွာ၊ ထန်းတပင်မြို့ရဲ့ အရှေ့တောင်ဘက် ၂ မိုင်လောက်ကို ဗဟိုပြုခဲ့တာပါ။ အင်အားကတော့ ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လို့ ဆိုပါတယ်။ ဇန်န၀ါရီ ၁၂ ရက်နေ့ ညကလည်း ဖြူးမြို့နားမှာ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခဲ့တာဖြစ်ပါတယ်။ ဖြူးမြို့ဝန်းကျင်မှာ ဇန်န၀ါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက အင်အားရစ်(ခ်ျ)တာ စကေး ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင် ၁ ကြိမ်၊ ၅.၃ အဆင့် ၃ ကြိမ်နဲ့ ၄ ဒသမ ၇ အဆင့်ရှိ ၁ ကြိမ်၊ မနက် ၁၀ နာရီကျော်မှာ ၄ ဒသမ ၆ အဆင့် ၁ ကြိမ်နဲ့ ဟုမ္မလင်းအနီးမှာ နေ့လယ် ၂ နာရီလောက်က ၄ ဒသမ ၃ အဆင့်ရှိ  မြေငလျင်တကြိမ် အသီးသီး လှုပ်ခတ်ခဲ့ပါတယ်။ ပဲခူးတိုင်း ဖြူးမြို့နားတဝိုက် လေးငါးခြောက်ကြိမ် လှုပ်နေတဲ့  ငလျင်ပြတ်ရွေ့ကြောဟာ အခုမှပေါ်လာတဲ့ ငလျင်ကြောအသစ်ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယကဒေါ်လှလှအောင်က ဒီဗွီဘီကို ပြောပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဒီနေ့ ၁၃ ရက်နေ့အထိ လှုပ်ခတ်တဲ့ ငလျင် အကြိမ်ရေ ၁၆ ကြိမ်အထိ ရှိပြီဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up