ပါကစ္စတန် ကလေးငယ် ၆ ဦးကို လူတဦးတည်းက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ဟုဆို

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်ထဲက ခါဆာမြို့မှာ ကလေးငယ် ၆ ယောက်ကို လူတယောက်တည်းက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာလို့ ပြည်နယ်ပြောခွင့်ရသူက ဒီအန်အေ မျိုးဗီဇ စစ်ဆေးမှုရလဒ်အရ အတည်ပြု ပြောကြားလိုက်ပါတယ်။
အသက် ၇ နှစ်အရွယ် ဇိန်းနတ် အန်ဆော်ရီကို အဓမ္မပြုကျင့် သတ်ဖြတ်သူကလည်း အဲဒီလူပဲလို့ ပြည်နယ်ပြောခွင့်ရသူက ပြောပါတယ်။
ပြည်နယ်ရဲတပ်ဖွဲ့ဟာ ဇိန်းနတ် အန်ဆောရီ ပျောက်ဆုံးတယ်လို့သိရပြီး လေးရက်အကြာမှာ သူ့ရဲ့ အလောင်းကို ခါဆာမြို့ အမှိုက်ပုံထဲကနေ ပြန်တွေ့ခဲ့တာပါ။
ဇိန်းနတ် အသတ်ခံရမှုဟာ ၂၀၁၇ ခုနှစ်အတွင်း ခါဆာခရိုင်မှာ မိန်းကလေးတွေ ပြန်ပေးဆွဲ၊ အဓမ္မကျင့်ခံရပြီး အသတ်ခံရမှုဖြစ်စဉ်မှာ ၁၂ ယောက်မြောက်ပဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဓမ္မ ပြုကျင့် သတ်ဖြတ်မှုတွေ နိုင်ငံတ၀ှမ်းဖြစ်ပွားခဲ့ပြီးတဲ့နောက် ပါကစ္စတန်နိုင်ငံအတွင်းမှာ အဲဒီဖြစ်ရပ်တွေကို ဆန္ဒပြ ကန့်ကွက်နေပါတယ်။
ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ ရဲစခန်းတွေနဲ့ ရဲတပ်ဖွဲ့ အဆောက်အအုံတွေကို မွှေနှောက်ရှာဖွေတာတွေလည်း ရှိနေတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
ဇန်န၀ါရီ ၁၀ ရက်နေ့က ဆန္ဒပြမှုတခုအတွင်း ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။