မန်းရွှေစက်တော် ဈေးသူဈေးသားများ မူလနေရာ ပြန်ရောင်းခွင့်ရရန် ဆန္ဒထုတ်ဖော်

မန်းရွှေစက်တော် ဘုရားစောင်းတန်းဈေးသည်တွေ အရင်နေရာပြန်လည်ရောင်းချခွင့် ရရှိဖို့အတွက် မကွေးတိုင်း၊ မင်းဘူးမြို့ပေါ်က မန်းရွှေစက်တော်ဘု ရားဂေါပကရုံးရှေ့မှာ ဈေးသူဈေးသားတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ မန်းရွှေစက်တော်ဈေးကောမတီက ပြောပါတယ်။
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့အညီ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့ဆီမှာ ဇန်နဝါရီ ၅ နေ့က လျှောက်ထားပြီး ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။
ဆန္ဒပြသူတွေက မန်းရွှေစက်တော် စောင်းတန်းဈေးသည်များ မူလနေရာ ပြန်လည်ရောင်းချခွင့်ရရှိရေး၊ မန်းရွှေစက်တော် ဘုရားပွဲတော်လုပ်ငန်းများနှင့် ဈေးသည်များတည်းခိုဆောင်များ၏ကိစ္စများကို တည်ငြိမ်အောင် စီမံခန့်ခွဲ မပေးနိုင်သော ဂေါပက ဥက္ကဋ္ဌ အလိုမရှိ၊ ဈေးသည်များ၏ အခက်အခဲများကို မကွေးတိုင်းဝန်ကြီးချုပ်က ပြန်လည်ဖြေရှင်းပေးရေး နဲ့ ဈေးသည်များ၏ ထမင်းအိုးကို ရိုက်မခွဲပါနှင့် စတဲ့ စာသားပါ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အခုနှစ်ကြမှ မန်းရွှေစက်တော်အရပ်သားဂေါပကအဖွဲ့က ရွှေစက်တော် ဘုရားစောင်းတန်း ဈေးသည်တွေ ရောင်းချခဲ့တဲ့နေရာမှာ သံဇကာတွေပိတ်ပြီး ကာရံ ထားတာကြောင့်နဲ့ တင်းကြပ်တဲ့စည်းကမ်းတွေကို ဂေါပကအဖွဲ့က ထုတ်ပြန်ထားတာကြောင့် ဖြစ်တယ်လို့လည်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဈေးသူဈေးသားတွေက ပြောပါတယ်။
ရွှေစက်တော်ဘုရားပွဲနဲ့ပတ်သက်လို့ ဆန္ဒပြတောင်းဆိုရတာဟာ ဒီအကြိမ်ဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း ပြောပါတယ်။
၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကို အခုလာမယ့် ဇန်နဝါရီ ၂၁ နေ့မှာ စတင်ပြီး ရက်ပေါင်း ၉၀ နီးပါး ဖွင့်လှစ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဦးကျော်ခိုင်ဝင်း (အဖွဲ့ဝင်) မန်းရွှေစက်တော်ဈေးကောမတီ