မက္ကာမြို့တွင် ဂေးမင်္ဂလာဆောင် တက်ရောက်သူအားလုံးကို ဆော်ဒီရဲ ဖမ်းဆီး (ရုပ်သံ)

2.4K
ဘာသာရေး အထွတ်အမြတ်ထားရာ မက္ကာမြို့မှာ ကျင်းပတဲ့ ဂေးမင်္ဂလာဆောင်မှာ ပါဝင်တက်ရောက်သူအားလုံးကို ဖမ်းဆီးလိုက်တယ်လို့ ဆော်ဒီရဲတွေက ပြောလိုက်ပါတယ်။
လူငယ်အမျိုးသား ၂ ဦး လျှောက်လမ်းပေါ် ယှဉ်တွဲပြီး လမ်းလျှောက်လာတဲ့ ရုပ်သံ လူမှုကွန်ရက်ပေါ် ပြန့်နှံ့သွားပြီးတဲ့နောက် ရဲတွေက ဖမ်းဆီးလိုက်တာပါ။
မြို့ထဲမှာ ကျင်းပတဲ့ အပြင်ဘက်ပွဲတော်မှာလည်း လူငယ်စုံတွဲကို မင်္ဂလာရောင်စုံစက္ကူတွေနဲ့ ကြဲနေတာလည်း ရုပ်သံထဲ တွေ့ရပါတယ်။
ဒီပွဲကို မြင်ခဲ့တဲ့ အမျိုးသားတယောက်က ရဲတွေကို တိုင်ကြားခဲ့တာလို့ ယူဆရပြီး အဲဒီနောက် မင်္ဂလာဆောင်မှာ ပါဝင်ပတ်သက်သူတွေအားလုံး ဖမ်းဆီးခံခဲ့ရတာပါ။
လူငယ်အမျိုးသား ၂ ဦးက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ သူတို့ ဘယ်လိုအမှုတွေနဲ့ တရားရင်ဆိုင်နေရတယ်ဆိုတာ မသိရပေမယ့် အမျိုးသား ၂ ဦးထဲက တဦးက အမျိုးသမီးလို ဝတ်ဆင်ထားတယ်လို့ ရဲတွေက ပြောပါတယ်။
“အခမ်းအနားထဲကို လူငယ်အချို့ဝင်လာပြီး ဂေးမင်္ဂလာဆောင်ပွဲ မြင်ကွင်းမျိုးဖြစ်အောင် လုပ်ကြတော့ ပွဲကို တက်လာတဲ့ လူတွေအားလုံး အံ့သြသွားတယ်လို့ အမျိုးသားတဦးက ပြောကြောင်း” မက္ကာရဲက တွီတာပေါ်မှာ ရေးထားပါတယ်။
“အမျိုးသမီးလို ဝတ်ထားတာနဲ့ ဒီအခမ်းအနားမှာ အခြားသူတွေ ပါဝင်တယ်ဆိုတာကို သိပြီးတဲ့နောက် သူတို့အားလုံးကို ဖမ်းလိုက်တယ်။ အခု သူတို့အမှုကို တရားစွဲဖို့ လွှဲပြောင်းလိုက်ပြီ” လို့ ရဲက ပြောပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ လိင်တူဆက်ဆံတာနဲ့ အိမ်ထောင်ရေး ဖောက်ပြန်တာက တရားဥပဒေ ချိုးဖောက်မှုဖြစ်ပြီး ကျူးလွန်တဲ့သူတွေက နှိပ်စက်ခံရတာ၊ ဒဏ်ငွေဆောင်ရတာနဲ့ ထောင်ဒဏ်ကျတဲ့အထိ ပြစ်ဒဏ်ကျခံရတယ်လို့ မေရာသတင်းမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။