နေရစ်တော့ နှစ်ဟောင်း

၂၀၁၈ နှစ်သစ်သည် စည်စည်ကားကားဖြင့် ဝင်ရောက်လာခဲ့ပေပြီ။ ယခုနှစ် နှစ်သစ်ကူးမှာ ယခင်နှစ် နှစ်သစ်ကူးထက်ပင် ပိုမိုစည်ကား ပိုမိုလွတ်လပ်ပုံရလေသည်။ လူငယ်များသည် နှစ်ကူးအကြိုညကို သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား လူအသေအပျောက် နည်းနည်းဖြင့် ကျင်းပနိုင်ခဲ့သည်မှာ လူအသေအပျောက်များ အထိအခိုက်များသော နိုင်ငံများထက် မြန်မာနိုင်ငံက ပို၍ သက်သောင့်သက်သာ ရှိခဲ့သည်ဟု ဆိုရမည်။ သို့သော် မြန်မာပြည်သူပြည်သားများနှင့် မြန်မာနိုင်ငံအဖို့မှာမူ ၂၀၁၈ နှစ်သစ်သို့ ကူးပြောင်းလာရာတွင် နှစ်ဟောင်း ၂၀၁၇ ထက်ပို၍ လွတ်လပ်ပြီး သက်သောင့်သက်သာရှိ၊ ပို၍ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံအဖြစ် ရောက်ရှိမည်ဆိုပါက ဝမ်းသာစရာ ဖြစ်ပါသည်။ ပြည်သူများသည် အစိုးရ အပြောင်းအလဲဖြစ်ခဲ့သည့် ၂၀၁၆ ခုနှစ်မှနေ ၂ နှစ်ကြာအောင် အပြောင်းအလဲကို စောင့်မျှော်ရင်း အချိန်ကုန်ဆုံးခဲ့သည်မှာ ယခုအခါတွင် ၂ နှစ်ကျော်ပြီး ၃ နှစ်အတွင်းပါ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ စောင့်မျှော်နေသော နိုင်ငံ၏ အပြောင်းအလဲ ဘာများထူးခြားလာပြီလဲ ဆိုသည်ကို ဆန်းစစ်ဖို့လိုသလို ဘာကြောင့် မပြောင်းလဲသလဲ၊ ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲ ဆိုသည်ကိုလည်း စိစစ်ဖို့ လိုလာပါသည်။ စင်စစ်အားဖြင့် ၂၀၁၈ သို့ ကူးပြောင်းလာသည့်တိုင် မြန်မာပြည်သူများအဖို့ မျှော်လင့်စောင့်စားနေသော ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးမှာ ဘာမှ ထူးထူးခြားခြား မပြောင်းလဲဘဲ တချို့ဆိုလျှင် ယခင် ၅ နှစ် အစိုးရထက်ပင် ပို၍ ဆုတ်ယုတ်သွားသလားဟု သံသယဝင်စရာများ တွေ့လာရသည်။ ၂၀၁၈ ၏ အကောင်းကို စောင့်မျှော်ရာတွင် ၂၀၁၇ ၏ အဆိုးများ၊ သင်ခန်းစာများကို ပြန်လည်သုံးသပ်နိုင်ဖို့ လိုသလို အပြောင်းအလဲ ပြုလုပ်မည်ဆိုသော ပြည်သူကို ‘မက်လုံး’ များစွာ ပေးခဲ့သော အန်အယ်လ်ဒီအစိုးရ၏ အပြောနှင့် လက်တွေ့ မည်မျှကိုက်ညီသည် ဆိုသည်ကိုလည်း သုံးသပ်ရပေမည်။ အန်အယ်လ်ဒီအစိုးရသည် မြန်မာနိုင်ငံ၏ အတိတ်ဖြစ်စဉ်များ၌ အုပ်ချုပ်ခဲ့သော၊ အာဏာရခဲ့သော ပါလီမန်အစိုးရများ၊ တနည်းအားဖြင့် လူထုက ရွေးချယ်တင်မြှောက်ခဲ့သော ဒီမိုကရေစီ အစိုးရများနှင့် မည်မျှ ကွာခြားပါသလဲ ဆိုသည်ကို သုံးသပ်ရပေမည်။ ရွေးကောက်ပွဲမှ ကတိကဝတ်များ၊ မက်လုံးများကို ၁၉၄၈ မှ ၁၉၆၂ ခုနှစ် အာဏာသိမ်းသည်အထိ အာဏာရ နိုင်ငံရေးပါတီများသည် မစားရဝခမန်း မက်လုံးများပေးကာ လက်တွေ့တွင် အပြောတမျိုး၊ အလုပ်တမျိုးဖြင့် ကတိများကို ဖောက်ဖျက်ခဲ့ကြလေသည်။ သွေးချောင်းစီးခဲ့သော ပြည်တွင်းစစ်ကြီးကို ရပ်တန့်ဖို့ မကြိုးစားဘဲ နှစ်ပေါင်း ၇၀ အထိ ပြည်သူလူထု စစ်မီးတောက်ထဲ လောင်မြိုက်ခံခဲ့ရသလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာလည်း ဝါးအစည်းပြေသလို ဖြစ်ခဲ့ရသည်မှာ ရင်နာစရာ ကောင်းလှပေသည်။ အာဏာရ နိုင်ငံရေးပါတီများမှာ မိမိတို့ပါတီ အာဏာတည်မြဲရေးနှင့် ကွန်မြူနစ် ဆန့်ကျင်ရေးအလံကို အခိုင်အမာကိုင်စွဲပြီး ပြည်သူ့အသက်ပေါင်းများစွာကို စတေးခဲ့သလို ယခုထိ အာဏာရခဲ့သော၊ အာဏာရယူခဲ့သော အစိုးရများကလည်း ‘မက်လုံး’ ပေးရုံသာပေးပြီး လက်တွေ့မူ အပြောနှင့်အလုပ် မညီညွတ်ခဲ့ပေ။ ထို့ကြောင့် ပြည်သူများအဖို့ ယခင်ကတည်းက တခါသေဖူး ပျဉ်ဖိုးနားလည်သလို ယခုလည်း ‘အမှန်တကယ် ပြောင်းလဲမည်’ ဆိုသော မဲဆွယ်ကတိသည် လက်တွေ့နှင့် ၂ နှစ်ကြာသည်အထိ မကိုက်ညီဘဲ မဲဆွယ်စကားလုံး သက်သက်အဖြစ်သာ သဘောပေါက်လာကြပေသည်။ ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲကြီး မဲဆွယ်စဉ်က အန်အယ်လ်ဒီပါတီသည် ပြိုင်ဘက်ပါတီထက် ပိုပြီး ဖြောင့်မှန်မည်ဟု မျှော်လင့်ခဲ့သည်။ တချိန်တည်းတွင် ရွေးကောက်ပွဲ မဲဆွယ်ကတိများဖြစ်သော ၂၀၁၈ ဖွဲ့စည်းပုံ ပြင်ဆင်ပေးမည်။ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ပေးမည်။ ပြည်သူကိုဖိနှိပ်သော ဥပဒေပုဒ်မများကို ပြင်ဆင်ပေးမည်။ ပြည်သူချစ်သော အစိုးရအဖွဲ့မျိုး ဖြစ်အောင် ရပ်တည်ပေးမည် စသော မက်လုံးများမှာ လေထဲ တိုက်အိမ်ဆောက်သော စကားလုံးများသာ ဖြစ်သည်ဟု လူထုက သံသယဝင်လာခဲ့ကြတော့သည်။ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံအတွက် အရုပ်ဆိုး အကျည်းတန်သော အဖြစ်များလည်း ဖြစ်ခဲ့၏။ စာနယ်ဇင်းသမားများအတွက် ရင်နာစရာကောင်းသော ဖိနှိပ်မှုများ၊ အရေးယူမှုများ၊ ကြုံရသလို ပြည်သူလူထုအတွက်မူ ကုန်ဈေးနှုန်း အဆမတန် တက်သောဒဏ်၊ ဝင်ငွေနှင့် ထွက်ငွေ မမျှသောဒဏ်၊ ပြည်တွင်းစစ်မီး၏ ဆိုးဝါးရက်စက်သော ဒဏ်များကို ခံကြရ၏။  နှစ်ပေါင်းများစွာ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သော၊ ရင်ဆိုင်ခဲ့ရသော၊ ရခိုင်ပြည်နယ်မှ  ခိုးဝင်ဘင်္ဂါလီများ၏ ပြဿနာမှာ ၂၀၁၇ တွင် အထွတ်အထိပ်သို့ပင် ရောက်လာခဲ့သည်ဟု ဆိုရမည်။ ယခင် ပါလီမန်အစိုးရခေတ်ကတည်းက တဖက်နိုင်ငံမှ ခိုးဝင်ခဲ့သော ထိုဘင်္ဂါလီများသည် အစုအပြုံလိုက်ဖြင့် တစထက်တစ များပြားလာသလို ထိုပြဿနာကိုလည်း အိမ်နီးချင်းကောင်းပီသစွာ စိတ်ရှည်သည်းခံပြီး ဖြေရှင်းခဲ့သည်မှာ ယခင်စစ်အစိုးရ လက်ထက်ကတည်းက ဖြစ်သည်။ သို့သော် ယခုအခါတွင် အားကောင်းသထက် အားကောင်းလာသော ကျူးကျော် ဘင်္ဂါလီများ၏ အကြမ်းဖက်မှုများကြောင့် အပ်နှင့်ထွင်းရမည့် ပြဿနာသည် ပုဆိန်နှင့်ထွင်းရသည်အထိ ကြီးကျယ်လာခဲ့လေသည်။ ထို့အပြင် အစိုးရအဖွဲ့သစ်သည် မဲဆွယ်စဉ်က ပေးထားသော ဖွဲ့စည်းပုံပြင်ဆင်ရေး ကတိကဝတ်ကို ၂ နှစ်ကြာသည်အထိ အကောင်အထည် မဖော်နိုင်ခဲ့သလို ကတိပေးထားသော ၂၁ ရာစု ပင်လုံဆိုသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း သိသာထင်ရှားစွာ အကောင်အထည် ဖော်မပေးနိုင်ခဲ့ပေ။ ထိုအခါတွင် ရွေးကောက်ပွဲကာလက အသည်းကြားက မဲတပြားအဖြစ် ပုံအော မဲထည့်ခဲ့ရသော ပြည်သူများက အယုံအကြည် လျော့ပါးလာခဲ့ရ၏။ အထူးသဖြင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး ကျပ်သထက် ကျပ်လာမှု၊ လုပ်အားလစာ ကွာသထက် ကွာလာမှုတို့အတွက် အစိုးရသစ်အပေါ် ယုံကြည်အားထားမှုမှာလည်း နည်းသထက် နည်းလာလေသည်။ အခြေခံလူတန်းစားများအတွက် အရေးအကြီးဆုံး လိုလားချက်မှာ မိမိတို့၏ ဘဝရှင်သန်ရေးအတွက် လုံလောက်သော လုပ်ခရရေးနှင့် မိမိတို့ ဘဝအာမခံချက် ရှိရေးတို့ ဖြစ်သည်။ ယခင် စစ်အစိုးရလက်ထက်က မွဲသထက်မွဲ၊ ငတ်သထက် ငတ်လာခဲ့သော မိမိတို့ဘဝများ တိုးတက်ကောင်းမွန်လာနိုင်ကောင်း၏ဟု မျှော်လင့်ထားခဲ့ကြသော်လည်း ယခု ၂ နှစ်ကာလတွင် ပြောင်းလဲမှုမရှိခဲ့သလို ဆိုးဝါးရက်စက်သော တရားဥပဒေ စိုးမိုးရေးပင် လျော့နည်းလာသည်ကို တွေ့ရသည့်အတွက် ဘယ်သူ့ကို ဘယ်လို အားကိုးရမလဲ မသိလောက်အောင်ပင် စိတ်ဓာတ်များ ကျဆင်းလာခဲ့ကြရလေသည်။ ယခု ၂၀၁၈ ကို စဉ်းစားရသည့်အခါတွင် ၂၀၁၇ က ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို သုံးသပ်ဖို့လိုပေသည်။ ၂၀၁၇ တွင် ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံကို ဖော်ဆောင်ရာတွင် ထူးထူးခြားခြား တိုးတက်ဖြစ်ထွန်းခြင်း မတွေ့ရပေ။ ယခင် ဦးသိန်းစိန်အစိုးရ လက်ထက်က လုပ်ဆောင်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုများသာလျှင် လွှမ်းမိုးနေဆဲ ဖြစ်သည်။ ဥပမာ အန်စီအေ လက်မှတ်ရေးထိုးရာတွင် ယခင်အစိုးရလက်ထက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့သာ ရေးထိုးခဲ့ပြီး UNFC တဖွဲ့လုံး လက်မှတ်ရေးထိုးခြင်း မရှိပေ။ ယခုလည်း ထို ၈ ဖွဲ့ဖြင့်သာ စာချုပ်မှာ ဆက်လက်ရှင်သန်နေသည့် စစ်ပွဲများသည် ရခိုင်ပြည်နယ်မှစပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်များတွင် သေနတ်သံများ ညံနေဆဲသာ ဖြစ်ပါသည်။ ထို့ကြောင့် နှစ်ပေါင်း ၇၀ ကာလ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော ပြည်တွင်းစစ်မီးမှာ ယခုအချိန်ထိ၊ ၂၀၁၈ ခုနှစ်ထဲအထိ တောက်လောင်နေဆဲဖြစ်ပြီး ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးပေ။ ထို့အတူ ငြိမ်းချမ်းရေးနှင့် ဆက်နွှယ်နေသော အမျိုးသားစည်းလုံးညီညွတ်ရေးမှာလည်း ထိုအနှစ် ၇၀ ပြည်တွင်းစစ်မီးကြောင့် ထူးထူးခြားခြား မရရှိနိုင်သေးပေ။ ထို့ကြောင့်လည်း တဖွဖွ ကြွေးကြော်တောင်းဆိုနေသည့် ဒီမိုကရေစီဆိုသည့် ခရီးလမ်းပေါ်သို့ ဖြောင့်ဖြောင့်တန်းတန်း  လျှောက်နိုင်စွမ်း မရှိကြသေးခြင်းပင် ဖြစ်ပါသည်။ ပြည်သူလူထုသည် ၂၀၁၆ ခုနှစ်မှစပြီး ယခု ၂၀၁၈ နှစ်ဆန်းပိုင်းအထိ ဒီမိုကရေစီတပိုင်း အစိုးရဟု ယေဘုယျ သတ်မှတ်ထားသော ပြည်သူက လိုလိုလားလား ရွေးချယ်တင်မြှောက်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအပေါ် ယုံကြည်မှုမှာ ကျဆင်းလာခဲ့လေသည်။ ထိုသို့ ကျဆင်းမှုကို ပြီးခဲ့သော ကြားဖြတ် ရွေးကောက်ပွဲ၌ မဲရုံသို့သွားပြီး မဲပေးခဲ့သော အရေအတွက်နှင့် ရာခိုင်နှုန်းကို ကြည့်ခြင်းအားဖြင့် ယုံကြည်မှု အတိမ်အနက်ကို မှန်းဆ၍ ရနိုင်ပါသည်။ ၂၀၂၀ ခုနှစ်ဆိုလျှင် တတိယအကြိမ် ပါတီစုံရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်ပေမည်။ ထိုရွေးကောက်ပွဲကြီးတွင် အန်အယ်လ်ဒီအဖို့ ၂၀၁၅ ကလို မိမိတို့ဆန္ဒအတိုင်း ဖြစ်မလာတော့မှာ ယခုအခြေအနေအတိုင်းဆိုလျှင် သိသာထင်ရှားနေ၏။ အဘယ်ကြောင့်ဆိုသော် “ပစ်ပြီးသောမြား၊ ပြောပြီးသောစကား၊ ထွေးပြီးသော တံတွေးတို့သည် ဘယ်တော့မှ ပြန်လာလိမ့်မည်မဟုတ်” ဆိုသော စကားအတိုင်း ကတိစကားကို မစောင့်ထိန်းနိုင်၊ မတည်ကြည်နိုင်လျှင် ပြည်သူက ယုံကြည်ကိုးစားမှု ကင်းမဲ့လာနိုင်သောကြောင့် ဖြစ်ပေသည်။ ကတိနည်းနည်း မတည်လျှင် နည်းနည်းမယုံကြည်ပြီး၊ ကတိများများ မတည်လျှင် များများ မယုံကြည်မည် ဖြစ်သည်။ ကတိလုံးဝ မတည်လျှင် လုံးဝ ယုံကြည်ကိုးစားကြမည် မဟုတ်ပေ။ ထို့ကြောင့် ၂၀၁၇ ခုနှစ်သည် အရုပ်ဆိုး အကျည်းတန်မှုများဖြင့် ကုန်ဆုံးခဲ့ပေပြီ။ စာနယ်ဇင်းသမားများအဖို့ အမင်္ဂလာနှစ်ဟုလည်း ခေါ်ဆိုနိုင်၏။ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း ရခိုင်ပြည်နယ် ပြဿနာကြောင့် အနောက်အုပ်စုနှင့် ယုံကြည်မှုများ လျော့နည်းခဲ့သလို ကုလသမဂ္ဂ၏ ပြစ်တင်ရှုတ်ချမှုများကိုလည်း ခံခဲ့ရသောကြောင့် ထိုအခြေအနေမျိုးကို ၂၀၁၈ ခုနှစ်တွင် ပြောင်းလဲဖို့ လိုအပ်လာပြီ ဖြစ်ပေသည်။ ထို့အတူ အစိုးရသက်တမ်း ၂ နှစ်တာ ကာလအတွင်း အန်အယ်လ်ဒီအစိုးရသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ခုလုံးကို မြေစမ်း ခရမ်းပျိုးခြင်းဖြင့်သာ လျှောက်လှမ်းခဲ့သောကြောင့် ၂၀၁၈ တွင် ထို့ထက်ပို၍ တည်ငြိမ်သော အစိုးရအဖွဲ့တဖွဲ့ဖြစ်အောင် ပြည်သူယုံကြည်ကိုးစားသော အစိုးရဖြစ်အောင်၊ ပြည်သူလူထု၏ အကျိုးကိုသာ အဓိကထားသည့် တရားဥပဒေများကိုသာ အတည်ပြုနိုင်အောင်၊ အဂတိလိုက်စားမှု ပပျောက်ရေးနှင့် ပြည်သူလူထုဘက် ရပ်တည်သော တရားစီရင်ရေး ယန္တရားကြီး အခိုင်အမာ လည်ပတ်အောင် တည်ဆောက်နိုင်မှသာလျှင် ၂၀၁၈ သည် မင်္ဂလာနှစ်သစ် ဖြစ်နိုင်ပေလိမ့်မည်။ ထက်မြက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up