မြောက်ကိုရီးယားအရေး ကနေဒါဆွေးနွေးပွဲ ကိုရီးယားတင်းမာမှုကို ဖြေရှင်းနိုင်မည်မဟုတ်ဟု တရုတ်ပြော

ဓာတ်ပုံ - ရိုက်တာ
1.3K
မြောက်ကိုရီးယားအရေးကိစ္စ ဆွေးနွေးဖို့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ ပူးတွဲပြုလုပ်တဲ့ နိုင်ငံစုံက နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဟာ ကိုရီးယားကျွန်းဆွယ် တင်းမာမှုကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ တရုတ်က ပြောကြားလိုက်ပါတယ်။
ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ပြုလုပ်မယ့် မြောက်ကိုရီးယားအရေး ဆွေးနွေးကြမယ့် နိုင်ငံစုံက နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို ၁၉၅၀ ခုနှစ် တောင်နဲ့ မြောက်ကိုရီးယားစစ်ပွဲမှာ ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားတဲ့ တပ်ဖွဲ့ကို စစ်သားတွေစေလွှတ်တာ၊ တခြား စစ်ရေးအထောက်အပံ့တွေ ပေးခဲ့တာမျိုးနဲ့ ကူညီခဲ့ကြတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုကန်းက “ကနေဒါက တရုတ်ကို ဖိတ်တာ၊ မဖိတ်တာ အရေးမကြီးပါဘူး။ ကျေန်ာတို့ ပြောထားသလိုပါပဲ ကိုရီးယားကျွန်းဆွယ်အရေး ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ ကိစ္စကို သက်ဆိုင်ရာနိုင်ငံတွေ တက်တက်ကြွကြွ ဆွေးနွေးနေတဲ့ အခြေအနေမျိုးမှာ ဒီပြဿနာနဲ့ သက်ဆိုင်တဲ့ တချို့နိုင်ငံတွေက စစ်အေးခေတ်နည်းလမ်းတွေနဲ့ ချဉ်းကပ်လုပ်ဆောင်နေတာ ထူးဆန်းပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ အစကတည်းက ဒီလို တွေ့ဆုံဆွေးနွေးမှုမျိုးဟာ အဓိပ္ပာယ်မရှိဘူးလို့ ယုံကြည်ထားသလို ဒီလိုဆွေးနွေးပွဲမျိုးကို အခိုင်အမာ ဆန့်ကျင်ပါတယ်” လို့ ပြောကြားသွားပါတယ်။
လက်ရှိ တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ ဂုဏ်ယူအားတက်စရာ ကောင်းတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုကန်းက ပြောကြားသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။