ဆိုရှယ်မီဒီယာသည် လူကိုစွဲလမ်းစေကြောင်း ကိန်းဘရစ်မြို့စားကတော် ပြော

ဗြိတိန်ရဲ့ ကိန်းဘရစ်မြို့စားကတော် ကိတ်မစ်ဒယ်တန်က ဆိုရှယ်မီဒီယာဟာ လူကို စွဲလမ်းစေတယ်လို့ ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၀ ရက်နေ့က ကိန်းဘရစ်မြို့စားကတော်ဟာ လန်ဒန်အနောက်ပိုင်း ဆင်ခြေဖုန်းရှိ အသက် ၄ နှစ်ကနေ ၁၈ နှစ်အရွယ် ကလေးတွေ တက်ရောက်ရာ Reach Academy Feltham ကျောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။
အဲဒီကျောင်းဟာ စိတ်ကျန်းမာရေး ပရဟိတအဖွဲ့ Place2Be နဲ့ ပူးပေါင်းပြီး ကလေးသူငယ်နဲ့ လူငယ်လူရွယ် ၁ သိန်း ၁ သောင်း ၆ ထောင်ကျော်ကို စိတ်ကျန်းမာရေး အထောက်အပံ့ ပေးနေတယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့ဟာ ကျောင်းသားတွေ၊ မိသားစုဝင်တွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေး ကောင်းမွန်ဖို့ ကျောင်းတွင်း နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ လေ့ကျင့်သင်တန်းပေးခြင်းတို့ကို ပြုလုပ်ပေးပါတယ်။
ကိန်းဘရစ်မြို့စားကတော် ကိတ်မစ်ဒယ်တန်က “အန်တီလုပ်နေတဲ့ အလုပ်ကနေ သိရသလောက် ဆိုရှယ်မီဒီယာဟာ လူကို စွဲလမ်းစေတယ်။ ကိုယ့်ရဲ့ လူနေမှုပုံစံတမျိုး ဖြစ်လာတယ်။ အဲဒီစွဲလမ်းမှုက ဖြတ်ရခက်တယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာ သုံးတဲ့အခါ ကောင်းတာတွေလည်း ရှိပါတယ်။ အဆက်အသွယ်တွေ အများကြီးရတယ်။ ကိုယ်ဘယ်လောက် အသုံးပြုလဲ ဆိုတာကိုလည်း စောင့်ကြည့်နိုင်ပါတယ်” လို့ ပြောပါတယ်။
ကိန်းဘရစ် မြို့စားကတော် ကိတ်မစ်ဒယ်တန်ဟာ ကလေးသူငယ် စိတ်ကျန်းမာရေးကို စိတ်ဝင်စားသလို ၂၀၁၃ ခုနှစ်ကစပြီး Place2Be အဖွဲ့အစည်းရဲ့ ထောက်ပံ့သူလည်း ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။