အအေးဒဏ်ကာကွယ်ရန် မန်ယူအသင်း ဒူဘိုင်းမြို့တွင် လေ့ကျင့်မှုများ ပြုလုပ်
မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန်ရဲ့ ရာသီဥတု အအေးဒဏ်ကို ကာကွယ်ဖို့အတွက် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
မန်ယူအသင်းဟာ ဇန်နဝါရီ ၁၀ ရက်ကတည်းက ဒူဘိုင်းကို ရောက်ရှိနေတာဖြစ်ပြီး ဒဏ်ရာရ ကစားသမားတွေလည်း ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။
မန်ယူအသင်းမှာ နောက်ခံလူ ဗလင်စီယာ၊ ကွင်းလယ်ကစားသမား ဖယ်လိုင်နီနဲ့ ကာရစ်တို့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး တနင်္လာနေ့မှာကစားမယ့် စတုတ်စီးတီးနဲ့ပွဲမှာ ပြန်လည်ပါဝင်လာဖို့ ရှိနေပါတယ်။
မန်ယူအသင်းဟာ စတုတ်စီးတီးနဲ့ ကစားအပြီးမှာ ဘန်လေ၊ ယိုဗီးလ်၊ စပါးအသင်းတွေနဲ့ ဆက်ပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။