ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ၂ ဦး နုတ်ထွက်
DVB
·
January 12, 2018
ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရာထူးတာဝန်ကနေ နုတ်ထွက်စာတင်ထားတဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး နှစ်ဦးကို နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းဇံနဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်လွင်တို့ကို သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်တာလို့ သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။
ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးက ဝန်ကြီးတချို့ နုတ်ထွက်သွားပြီးနောက် ခုလို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦး ရာထူးကနေ ထပ်မံ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်အတွင်းမှာ ဝန်ကြီးချုပ်တဦးနဲ့ ဝန်ကြီး ၅ ဦး၊ စုစုပေါင်း ၆ ဦး ဆက်တိုက်ဆိုသလို ရာထူးက နုတ်ထွက်သွားတာလည်း ဖြစ်ပါတယ်။