၂၈၉ နှစ်သက်တမ်းရှိ ကျွန်းသစ်ဖြတ်ပိုင်းကြီးကို အများပြည်သူလေ့လာနိုင်ရန် ပြသမည်

နှစ်ပေါင်း ၂၈၉ နှစ် သက်တမ်းရှိတဲ့ ကျွန်းသစ်လုံး ဖြတ်ပိုင်းကြီးကို အများပြည်သူ လေ့လာနိုင်စေဖို့ လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေမှာ ပြသသွားဖို့ရှိနေပါတယ်။
၂၀၁၇ မေလ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာအနောက်ဘက် ၄ ဖာလုံခန့်အကွာ ဦးကျော်ထွေးရဲ့ လယ်ကွင်းအတွင်း မြေအောက်အနက် ၁၁ ပေခန့်မှာ ရွာသားတွေက အဆိုပါ ကျွန်းသစ်လုံးကြီး တူးဖော်တွေ့ရှိခဲ့တာပါ။
တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “ဒေသခံတွေ ပြောစကားအရ တဆင့်စကား တဆင့်နားနဲ့ ဂျပန်အဆုတ် အင်္ဂလိပ်အဝင်မှာ ချောင်းကူးတံတားထိုးခိုင်းတာ မလုပ်နိုင်လို့ ဒီသစ်ပုံကြီး ရှိနေသမျှ ခိုင်းနေဦးမှာပဲဆိုပြီး သစ်လုံးတွေကို ရေထဲ လှိမ့်ပစ်ခဲ့တာလို့ ပြောကြတယ်။ အဲဒါကို ရွာသားတွေက တူးတာ တွေ့လို့ ဘုရားထုပြီး ရွာမှာ ကိုးကွယ်ကြတာ။ တခါ လွှစင်ကုန်းရွာက လူတွေကလည်း သူတို့ရွာမှာလည်း ရှိတယ်ဆိုတာ သိလို့ တူးတာကနေ တွေ့တာပါ။ တွေ့တာက ၂ လုံး။ ၁လုံးက သူတို့ ဘုရားထု ကိုးကွယ်ချင်လို့ပါဆိုလို့ ၁ လုံးပဲ သယ်လာခဲ့တယ်။ သစ်အဖျားပိုင်းကတော့ နည်းနည်းဆွေးနေတယ်။ သစ်တုံးအရင်းဘက်မှာ အင်္ဂလိပ်ခေတ်က သစ်ထုတ်ရေး အမှတ်အသားတွေ အထင်အရှား ရှိနေသေးတယ်”လို့ ပြောပါတယ်။
သစ်ဖြတ်ပိုင်းပေါ်က သစ်ကွင်းတွေကို ကြည့်ခြင်းအားဖြင့် သစ်ပင်ရဲ့ သက်တမ်းက ၂၉၈ နှစ်ရှိပြီဆိုတာ သိရပြီး ရှားပါးအဖိုးတန်တဲ့ ကျွန်းသစ်တုံးကြီးကို အများပြည်သူ လေ့လာနိုင်အောင် ကန့်ဘလူမြို့နယ်က လင်းနို့ဂူ သဘာဝထိန်းသိမ်းရေးနယ်မြေမှာ မကြာခင် ဖွင့်လှစ် ပြသထားရှိသွားမှာပါလို့လည်း ပြောပါတယ်။
ကျွန်းသစ်ဖြတ်ပိုင်းက သစ်ကွင်းတွေအရ ကျွန်းပင် စပေါက်တဲ့နှစ်က ခရစ်သက္ကရာဇ် ၁၆၄၇ ခုနှစ်ဝန်းကျင်ကလို့ ယူဆရပြီး စစ်ကိုင်းမြို့က စူဠာမဏိကောင်းမှုတော် တည်တဲ့နှစ်နဲ့ တိုက်ဆိုင်နေပါတယ်။
ကျွန်းပင်က ၁၉၃၆ ခုနှစ် အင်္ဂလိပ်လက်ထက်မှာ သင်းသတ်ခံခဲ့ရတယ်လို့ ယူဆရပြီး သစ်လုံးပေါ်က သစ်ထုတ်ရေး အမှတ်အသားတွေအရ ၁၉၃၉ ခုနှစ်မှာ ခုတ်လှဲပြီး တံဆိပ်ရိုက်ခဲ့တယ်လို့ တွေ့ရှိရပါတယ်။ ကျွန်းသစ်က အရှည်ပေ ၂၀၊ လုံးပတ် ၇ ပေ ၅ လက်မ ရှိပါတယ်။
လင်းနို့ဂူမှာ သစ်တောပြတိုက်လည်း ဖွင့်လှစ်သွားမှာ ဖြစ်သလို ခုတွေ့ရှိထားတဲ့ ရှားပါးသက်တမ်း ၂၀၀ ကျော် ကျွန်းသစ်နဲ့ ခေတ်ပြိုင်သမိုင်းတွေကိုလည်း ဖော်ပြထားပြီး တဖက်မှာတော့ ကျွန်းသစ်ရဲ့ ဂုဏ်သတ္တိတွေကိုလည်း ဖော်ပြထားပါတယ်။
ဒီကျွန်းသစ်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေ၊ ကျွန်းသစ်ရဲ့ သဘောသဘာဝတွေအပြင် ကျွန်းသစ်ကို အခြေခံပြီး ချင်းတွင်းမြစ်အထက်ပိုင်း ရေမြေသဘာဝ ပြောင်းလဲလာမှုတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ အတွင်းကလည်း ကမ္ဘာ့အကြီးဆုံး ကျွန်းပင်ကြီးကို ဟုမ္မလင်းမြို့နယ် ဥရုကြိုးဝိုင်းအတွင်း အကွက်အမှတ် ၇၉ မှာ ရင်ဆို့လုံးပတ် ၂၇ ပေ ၅လက်မ၊ အမြင့် ၁၁၀ ပေခန့်ရှိတဲ့ ကျွန်းပင်ကြီးကို တွေ့ရှိခဲ့ပါသေးတယ်။