ဖြူးမြို့ အနောက်တောင်ဘက်တွင် အင်အား ၆.၀ အဆင့်ရှိ ငလျင်လှုပ်

2.2K
ဇန်နဝါရီ ၁၁ ရက်ည ၁၂ နာရီ ၅၆ မိနစ်အချိန်က ဖြူးမြို့နယ် အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို အခြေပြုပြီး အင်အားရစ်(ခ်)တာစကေး ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ဖြူးမြို့နယ် မိုးဇလက ပြောပါတယ်။
ဖြူးမြို့နယ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး ဦးနေအေးက "ဖြူးအနောက်ဘက်ရိုးမတောင်ပေါ်မှာ အခြေပြုပြီး လှုပ်တာပါ။ လေးကြိမ်လှုပ်တယ်။ ရန်ကုန်ကနေ နေပြည်တော်လောက်အထိ ခံစားရတယ်။ အခြားနေရာတွေမှာတော့ နှစ်ကြိမ်လောက်ပဲ ခံစားရတယ်။ အခုလှုပ်တာက ဇောက်တိမ်ကနေ လှုပ်တာပါ။ အပေါ်ရံကနေ ကပ်ပြီးတော့ လှုပ်တာပေါ့။ မြို့ပေါ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်တဲ့ အနေအထားရှိတာပေါ့။ အခုအထိတော့ အပျက်အစီးစားရင်း မသိရသေးပါဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖြူးမြို့အနောက်တောင်ဘက်ကို ဗဟိုပြုပြီး မနက်အစောပိုင်း ၁ နာရီ ၈ မိနစ်၊ ၁၂ မိနစ်နဲ့ ၁၄ မိနစ်တွေမှာ အင်အား ၅.၃ အဆင့်ရှိ ငလျင် ၃ ကြိမ်နဲ့ မနက်အစောပိုင်း ၂ နာရီ ၉ မိနစ်မှာ အင်အား ၄.၇ အဆင့်ရှိ ငလျင် ၁ ကြိမ်တို့ လှုပ်ခတ်ခဲ့တယ်လို့လည်း မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။
ဖြူးမြို့နယ် အနောက်ဘက်ရှိ ဆည်တွေမှာလည်း သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)