ကားတိုက်ခံခဲ့ရသည့် အဖွားအိုကို ကူညီခဲ့သည့် ကျောင်းသားလေးရုပ်သံ နာမည်ကြီးနေ

2.1K
ထိုင်းနိုင်ငံမှ အထက်တန်းကျောင်းသားလေးတဦးဟာ ကျောင်းအလာလမ်းမှာ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အဖွားအိုတဦးကို ကူညီခဲ့ပြီးနောက် နာမည်ကြီးနေပါတယ်။
အဖွားအိုဟာ ဆိုင်ကယ်တစီးရဲ့ နောက်ခုံကနေ လိုက်ပါလာခဲ့တာဖြစ်ပြီး ကားတစီးနဲ့ တိုက်မိခဲ့ပြီးနောက် ခြေထောက်ကျိုးသွားခဲ့ကာ တခြားထိခိုက်ဒဏ်ရာတွေလည်း ရရှိသွားခဲ့တာပါ။
ကူညီခဲ့တဲ့ ကျောင်းသားလေးရဲ့ အမည်ကိုတော့ အမ်သရီးလို့ ဖော်ပြပြီး သူဟာ ထိုင်းတောင်ပိုင်း သွန်ရိုင်းခရိုင်တွင်းက ကျောင်းတကျောင်းမှာ ပညာသင်ကြားနေတဲ့ ၉ တန်းကျောင်းသားတဦး ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သူဟာ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ အဖွားအိုကို ကျောင်းအလာလမ်းမှာ အရေးပေါ် ဆေးကုသရေးအဖွဲ့နဲ့အတူ ပါဝင်ကူညီခဲ့တာပါ။
ဆေးကုသရေးအဖွဲ့ရဲ့ ယူနီဖောင်းမရှိပေမယ့် သူ့အနေနဲ့ ခုလိုကြုံတွေ့ရတာကို လျစ်လျူရှုပြီး ကျော်မသွားနိုင်ဘူးလို့ ပြောပါတယ်။
ကျောင်းကို နောက်ကျပြီးမှ ရောက်သွားချိန်မှာတော့ သူကြုံတွေ့ခဲ့ရတာတွေ ဆရာတွေကို ရှင်းပြခဲ့ရတာပါ။
လက်ရှိမှာတော့ သူ့ရဲ့ ဒီအဖြစ်အပျက်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပြီး ကူညီတတ်တဲ့ အားကျအတုယူဖွယ် ကျောင်းသားလေးတဦးအဖြစ် ပြောနေကြပါတယ်။