စစ်ကိုင်းရှိ ကောင်းမှုတော်စေတီတော်ကြီးကို ထုံးသင်္ကန်း ပြန်လည်ကပ်လှူရန်ဆွေးနွေး
DVB
·
January 11, 2018
စစ်ကိုင်းမြို့က ရာဇမဏိစူဠာဘွဲ့ခံ ကောင်းမှုတော် စေတီတော်ကြီးကို လုံးတော်ပြည့် ထုံးသင်္ကန်း ပြန်လည်ကပ်လှူဖို့ ဆွေးနွေးညှိနှိုင်း ရှင်းလင်းပွဲနဲ့ ဆန္ဒခံယူပွဲကို စစ်ကိုင်း မြို့မိမြို့ဖတွေ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ထုံးသင်္ကန်း ပြန်လည်ကပ်နိုင်ဖို့ တိုင်းဒေသကြီးကို စာတင်ထားသလို လက်မခံပါက လိုအပ်တဲ့ အဆင့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ မြို့မိမြို့ဖအဖွဲ့တွေက တွေ့ဆုံရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
ကောင်းမူတော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာဌာန ညွှန်ကြားချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ကောင်းမှုတော်ဘုရားကြီးကို ထုံးသင်္ကန်း ကပ်လှူခဲ့တာ နှစ်ပေါင်း ၃၇၀ ကျော် ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ လုပ်ငန်းရှင်တွေ စုပေါင်းပြီး ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်နဲ့ ရွှေသင်္ကန်း ပြောင်းလဲ ကပ်လှူခဲ့တာပါ။
ရွှေသင်္ကန်း သက်တမ်းကုန်ရင် ထုံးသင်္ကန်း ပြန်လည်ကပ်လှူဖို့ ညှိနှိုင်းဆောင်ရွက်မယ်လို့ သာသနာရေးဝန်ကြီးက ပြီးခဲ့တဲ့နှစ်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ အဆိုကို ပြန်လည်ဖြေကြားထားပါတယ်။
ခရစ်သက္ကရာဇ် ၁၆၃၆ ခုနှစ်မှာ သာလွန်မင်းတရားကြီးက တည်ထားခဲ့တဲ့ ကောင်းမှုတော်ဘုရားကြီးဟာ ဉာဏ်တော်အမြင့်၊ အခုံးနဲ့အလုံးမှာ အချိုးညီလှတဲ့ သမိုင်းအမွေအနှစ် ဗိသုကာလက်ရာ ဖြစ်ပါတယ်။