ကယ်လီဖိုးနီးယား ရွှံ့မြေပြိုကျမှုအတွင်း ပိတ်မိနေသည့် မိန်းကလေးကို ကယ်တင် (ရုပ်သံ)
Published By
DVB | 11 January, 2018
1.3K
0
Share
0
Comment
0
Likes
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာဖြစ်ခဲ့တဲ့ ရွှံ့မြေပြိုကျမှုအတွင်း ပိတ်မိနေတဲ့ ဆယ်ကျော်သက် မိန်းကလေးတဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကယ်တင်နိုင်ခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက တကိုယ်လုံး ရွှံ့တွေဖုံးနေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို အပျက်အစီးတွေ၊ ရွှံ့ညွန်တွေကြားကနေ ကယ်ထုတ်ပုံကို အန်ဘီစီသတင်းဌာနက ရုပ်သံမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။
ဆန်တာဘာဘရာကောင်တီနားမှာရှိတဲ့ မွန်တက်စီတိုအရပ်က ပြိုကျပျက်စီးနေတဲ့ အိမ်တလုံးအောက်ကနေ အဲဒီမိန်းကလေး အော်ပြီး အကူအညီတောင်းနေတာကို မီးသတ်သမားတဦးက ကြားခဲ့ပြီး အခုလို ကူညီနိုင်ခဲ့တာပါ။
ကယ်လီဖိုးနီးယားပြည်နယ်မှာ ဇန်နဝါရီ ၉ ရက်နေ့က မိုးကြီးပြီး ရွှံ့မြေပြိုကျခဲ့တဲ့အတွက် သေဆုံးသူအရေအတွက် ၁၇ ဦးအထိရှိပြီး ၁၃ ဦး ပျောက်ဆုံးကာ အိမ်ခြေတရာလောက် ပျက်စီးခဲ့တယ်လို့ ဆန်တာဘာဘရာနယ်မြေကောင်တီ ဥပဒေစိုးမိုးရေးအရာရှိ ဘီလ်ဘရောင်းက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြောပါတယ်။
“ကျေန်ာတို့ သတင်းထုတ်ပြန်ရတာ စိတ်မကောင်းပါဘူး။ ဒီနေ့ရရှိတဲ့ အလောင်းနှစ်လောင်းနဲ့ဆိုရင် သေဆုံးသူ စုစုပေါင်း ၁၇ ဦးအထိ ရှိသွားပါပြီ။ သေဆုံးသူတွေကို ဘယ်သူဘယ်ဝါ ခွဲခြားရတဲ့ လုပ်ငန်းစဉ်ဟာ အချိန်ယူရပါတယ်။ အဆောတလျင်လုပ်လို့ မဖြစ်ပါဘူး” လို့ ဘီလ်ဘရောင်းက ဆိုပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်ဟာ မကြာသေးခင်က တောမီးလောင်မှုကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေချိန်မှာ အခုလို ရွှံ့မြေပြိုတာဟာ နောက်ထပ် ထိုးနှက်မှုတခု ဖြစ်လာခဲ့ပါတယ်။