A d v e r t i s e m e n t With Us

ကြောင်ကလေးများကို စပါးကြီးမြွေရန်မှ ကာကွယ်တိုက်ခိုက်ပေးခဲ့သည့် အာဂခွေး (ရုပ်သံ)

ဓာတ်ပုံ - Sanook
အိမ်မွေးကြောင်ကလေးတွေကို စပါးကြီးမြွေရဲ့ တိုက်ခိုက်မှုရန်ကနေ ကာကွယ်ခုခံပေးခဲ့တဲ့ ထိုင်းနိုင်ငံမှ တန်လို့ အမည်ပေးထားတဲ့ ခွေးကလေးတကောင်ဟာ နာမည်ကြီးနေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အန်ထောင်းခရိုင်တွင်းမှ ကျေးလက်အိမ်တအိမ်ထဲမှာ ဖြစ်ခဲ့တာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီနေ့ မနက်ပိုင်းကတော့ ၃ နှစ်အရွယ် ခွေးကလေး တန်ဟာ အိမ်အနောက်ဘက်မှာ လှည့်ပတ်ပြေးနေပြီး ဟောင်နေခဲ့လို့ သွားရောက်ကြည့်ရှုခဲ့ရတယ်လို့ သခင်ဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ပန်နီဆရာက ပြောပါတယ်။ သူရောက်သွားခဲ့ချိန်မှာတော့ တန်ဟာ သစ်ပင်နားမှာ ခိုအောင်းနေတဲ့ အရှည် ၅ မီတာရှိ စပါးကြီးမြွေကို ဟောင်နေခဲ့တာဖြစ်ပြီး သူ့မျက်နှာပေါ်မှာ ကန့်လန့်ဖြတ် ဒဏ်ရာအရှည်ကြီးတခုကို တွေ့လိုက်ရတာပါ။ ဒါဟာ ကြောင်ကလေးတွေကို ရန်မူစားသောက်မယ့် မြွေကြီးကို ခုခံတိုက်ခိုက်ရင်း ရခဲ့တဲ့ဒဏ်ရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ သူတို့နေအိမ်ထဲကို စပါးကြီးမြွေ ဝင်ရောက်တာဟာ ဒါက ပထမဆုံးမဟုတ်ဘဲ ၅ ကြိမ်မြောက် ဝင်ရောက်ခဲ့တာလို့ ပန်နီဆရာက ပြောပါတယ်။ “မြွေကြီးဟာ ကျမတို့ ကြောင်ကလေးတွေထဲက တကောင်ကို ရစ်ပတ်ဝါးမျိုဖို့ ကြိုးစားခဲ့လို့ ကျမနဲ့ ကျမချစ်သူက ကယ်တင်ခဲ့ရဖူးပါတယ်။ ဒီတကောင်ကတော့ ၅ ကြိမ်မြောက် ဝင်လာတဲ့ မြွေပေါ့။” အဲဒီနောက်တကြိမ်မှာလည်း ကြောင်ကလေးတကောင် ပျောက်ဆုံးခဲ့ပြီး စပါးကြီးမြွေ စားလိုက်တာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ ခုတကြိမ်မှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပြီး စပါးကြီးမြွေကို ဖမ်းဆီးစေခဲ့ကာ ကြောင်ကလေးတွေကိုတော့ နေအိမ်အတွင်းမှာပဲ ထားရတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ပန်နီဆရာက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up