ဆော်ဒီတွင် ကိုယ်ချင်းဆက်အမြွာညီအစ်မကို ခွဲစိတ်၊ တဦး အသက်ရှင်

ဓာတ်ပုံ - ရိုက်တာ
1.9K
ဂါဇာကမ်းမြောင်ဒေသက ဟန်နီးနဲ့ ဖာရာ ကိုယ်ချင်းဆက် အမြွာညီအစ်မနှစ်ဦးကို ဆော်ဒီဘုရင်ရဲ့ ကလေးအထူးကုဆေးရုံမှာ ခွဲစိတ်ခဲ့ပြီး တဦး အသက်ရှင်ခဲ့ပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့က ဆော်ဒီဘုရင့် ကလေးအထူးကုဆေးရုံမှာ ဟန်နီးနဲ့ ဖာရာ ကိုယ်ချင်းဆက် အမြွှာနှစ်ဦးကို ၁၃ နာရီကြာ ခွဲစိတ်ခဲ့တာပါ။
“အမြွာလေး မွေးတယ်။ ကျနော်တို့အကြောင်း တီဗွီမှာပါသွားပြီး ကျနော်တို့ အခြေအနေကို ဆွေးနွေးကြတယ်။ ဆော်ဒီဘုရင်နဲ့ အိမ်ရှေ့မင်းသားက ကျနော်တို့ကို မွေးစားတယ်။ အစစအရာရာ ဖြည့်ဆည်းပေးတယ်။ ကျနော်တို့ကို လေယာဉ်လွှတ်ပေးပြီး အားလုံးစီစဉ်ပေးတယ်” လို့ ကိုယ်ချင်းဆက်အမြွှာရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။
ခွဲစိတ်ပြီးချိန်မှာတော့ ဟန်နီးဟာ ကိရိယာအကူအညီမလိုဘဲ အသက်ရှူနိုင်ခဲ့ပြီး ဖာရာကတော့ သေဆုံးခဲ့ပါတယ်။
“ဟန်နီးရဲ့ ကိုယ်ချင်းဆက်အမြွှာ ဖာရာက ဟန်နီးပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရတယ်။ အောက်ဆီဂျင်အတွက်၊ အစာအာဟာရအတွက် ဟန်နီးပေါ်မှာ အားကိုးနေရတယ်။ အကြောင်းကတော့ ဖာရာမှာ အဆုတ်မရှိဘူး၊ လေပြွန်မရှိဘူး၊ နှလုံးကလည်း ပါတယ်ဆိုရုံပဲ။ ဦးနှောက်ကလည်း သိပ်ကိုသေးပါတယ်။ ဒါကြောင့် အသက်မရှင်နိုင်တာပါ” လို့ ကလေးအထူးကု ခွဲစိတ်ဆရာဝန်က ရှင်းပြပါတယ်။
အဲဒီအမြွှာနှစ်ဦးကို ဂျော်ဒန်ကနေ ဆော်ဒီအာရေးဗျနိုင်ငံ ရီယာ့ဒ်မြို့ကို အထူးလေယာဉ်နဲ့ ခေါ်ဆောင်ခဲ့တာလို့ ဒေသမီဒီယာက ဆိုပါတယ်။
အမြွှာနှစ်ဦးရဲ့ မိခင်ကတော့ အစ္စရေး-ဂါဇာ နယ်စပ် အစောင့်တွေက ခွင့်မပြုတာကြောင့် ကလေးတွေနဲ့အတူ လိုက်ပါနိုင်ခဲ့ခြင်း မရှိဘူးလို့ ဖခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။