A d v e r t i s e m e n t With Us

ကယားလွှတ်တော်ကော်မတီ၏ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ် ၄ ဦးနုတ်ထွက်

ကယားပြည်နယ်လွှတ်တော်ရဲ့ တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေး ကော်မတီက အရပ်ဘက် အဖွဲ့အစည်းကိုယ်စားလှယ် လေးယောက် ဒီနေ့ပဲ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ ကေအန်ပီပီရဲဘော်တွေနဲ့ အရပ်သားတယောက် ပစ်သတ်ခံရမှုအတွက် အမှုမှန်ဖော်ပေးဖို့ တောင်းဆိုသူတွေကို တရားစွဲလိုက်တဲ့အပေါ် အခုလို နုတ်ထွက်ခွင့် တောင်းလိုက်တာပါ။ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တယောက်ဖြစ်တဲ့ ဦးအန်းဂျေလိုက “ဖြစ်တဲ့ ပြဿနာ အားလုံးမှာ အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ သူတို့အတွက်ကြောင့် ကျနော်တို့ပါ သိက္ခာကျမယ်။ အဲဒါကြောင့် နုတ်ထွက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ကေအန်ပီပီရဲဘော် သုံးယောက်နဲ့ ရွာသားတယောက်ကို စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်သလို အလောင်းကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းကို ပြန်မပေးဘဲ မီးရှို့ပြီး အရိုးတွေကိုပဲ ပြန်ပေးခဲ့ပါတယ်။ ဒီအမှုကို ဖော်ထုတ်ပေးဖို့ ကရင်နီ လူငယ်တချို့က ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အဲဒီဆန္ဒပြတာကို ကြိုတင်အကြောင်းမကြားလို့ ဦးဆောင်သူ ငါးယောက်ကို ထောင်မှာ ချုပ်နှောင် တရားစွဲဆိုနေတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အရပ်သားသေဆုံးတာကို လျစ်လျူရှုပြီး ဆန္ဒဖော်ထုတ်သူတွေကိုပဲ တရားစွဲတာဟာ ကယားပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကဏ္ဍ သုံးရပ်လုံးဟာ ပြည်သူကို အကာအကွယ် မပြုနိုင်တော့ဘဲ ဖိနှိပ်မှုကိုပဲ အားပြုနေတယ်လို့ ဦးအန်းဂျေလိုက သူ့ရဲ့ နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ပြည်နယ်လွှတ်တော်ရဲ့ ပြည်သူကို ကိုယ်စားပြုတယ်ဆိုတာကို အယုံအကြည်မရှိတော့ဘူးလို့လည်း သူက ဆိုပါတယ်။ “ကျနော်က မြေယာနဲ့ ပတ်သက်တဲ့ စာတွေကိစ္စ တာဝန်ယူရတယ်။ ကော်မတီ သက်တမ်းမှာ စာပေါင်း ၆၀ ကျော် ရခဲ့တယ်။ ပြေလည်တာ လေးမှုပဲ ရှိတယ်” လို့လည်း သူက ပြောပါတယ်။ တိုင်စာ၊ ပစ်စာလေ့လာဆန်းစစ်ရေး ကော်မတီမှာ လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်၊ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် လေးယောက်အပါအဝင် ၂၆ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။

A d v e r t i s e m e n t With Us

More News
Up