ပဋိပက္ခများ ရှောင်လွှဲနိုင်ရေး ညှိနှိုင်းရန် တောင်နှင့် မြောက်ကိုရီးယား သဘောတူ

ဓာတ်ပုံ - ရိုက်တာ
1.2K
တောင်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေဟာ ပြဿနာတွေ ဖြေရှင်းရေးနဲ့ ပဋိပက္ခတွေ ရှောင်လွှဲရေးအတွက် ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ဇန်နဝါရီ ၉ ရက်နေ့မှာ သဘောတူခဲ့ကြပါတယ်။
နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ၁၁ နာရီကြာ ဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တောင်ုကိုရီးယား နှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂွန်က “တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဟာ ညှိနှိုင်းဆွေးနွေး တိုင်ပင်မှုတွေကနေတဆင့် ပြဿနာတွေကို ဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအတွက် နှစ်ဖက်စလုံးက ကဏ္ဍအသီးသီးမှာ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
မြောက်ကိုရိးယား နှစ်နိုင်ငံပေါင်းစည်းရေးကော်မတီ ဥက္ကဋ္ဌ ရီဆန်ဂွန်က “လာမယ့် ဆောင်းရာသီ အိုလံပစ်မှာ မြောက်ကိုရီးက အဆင့်မြင့်အရာရှိတွေ၊ အိုလံပစ်ကိုယ်စားလှယ်အဖွဲ့၊ အားကစားသမားတွေ၊ အားပေးတဲ့အဖွဲ့၊ အနုပညာသည်တွေအပြင် ပွဲကြည့်ပရိသတ်တွေနဲ့ သတင်းထောက်တွေကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တောင်ကိုရီးယားဘက်ကလည်း လိုအပ်တဲ့အကူအညီတွေ ပေးဖို့ သဘောတူခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ရီဆန်ဂွန်က “နျူကလီးယားအရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ကျေန်ာတို့ရဲ့ ဗျူဟာမြောက် လက်နက်တွေမှာ အဏုမြူဗုံး၊ ဟိုက်ဒရိုဂျင်ဗုံးနဲ့ တိုက်ချင်းပစ် ဒုံးပျံတွေ ပါဝင်ပါတယ်။ အဲဒီလက်နက်တွေဟာ အမေရိကန်အတွက် ရည်ရွယ်တာပါ။ ကျနော်တို့ညီနောင်ကို မရည်ရွယ်ပါဘူး” လို့လည်း ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် ပြုံချမ်း အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား တာဝန်ရှိသူတွေ လာရောက်နိုင်စေဖို့ အရေးယူဒဏ်ခတ်မှုတချို့ကို ယာယီရုပ်သိမ်းမှာဖြစ်တယ် ဆိုပြီး တောင်ကိုရီးယားဘက်က ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။