ဧရာဝတီမြစ်အတွင်း လင်းပိုင် ၁ ကောင် ဒဏ်ရာများဖြင့် သေဆုံးနေ
DVB
·
January 10, 2018
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် အောင်ချမ်းသာကျေးရွာဘေးရှိ ဧရာဝတီမြစ်အတွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လင်းပိုင်သေတစ်ကောင်ကို ဇန်နဝါရီ ၁၀ ရက် မနက် ၁၁ နာရီခွဲလောက်ကရှိခဲ့တယ်လို့ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
“ကျနော်တို့ ထူးခြားချက်တွေ့တာက ခေါင်းမှာ လေရှုပေါက်ကို သစ်သားစနဲ့ ရိုက်ထည့် ထားတာကတော့ တွေ့ရတယ်။ အထဲမှာ ကျိုးနေပါတယ်။ အခုတွေ့ရှိတဲ့ လင်းပိုင်ခေါင်းမှာ သစ်သားစနဲ့ ထိုးသွင်းထားတယ်ဆိုတော့ ဘယ်လို မတော်မတရားလုပ်သလဲဆိုတာ စဉ်းစား ဆုံးဖြတ်ရခက်ပါတယ်။ ဒီလို မဖြစ်သင့်ပါဘူး။ ကွန်ပိုက်ထဲမှာ တွေ့တယ်ဆိုရင်လည်း ပြန်လွှတ်သင့်တဲ့ အခြေအနေမျိုးပါ။ အဲ့လို ကွန်ပိုက်ထဲမှာတွေ့ပြီးမှ ဒီလို လုပ်လိုက်တဲ့ အခြေအနေမျိုးက မဖြစ်သင့်ဘူးလို့ ယူဆပါတယ်”လို့ ပြောပါတယ်။
အဆိုပါလင်းပိုင်မှာ အလျား ၇ ပေ လုံးပတ် ၄ ပေရှိ လင်းပိုင်အထီးတစ်ကောင်ဖြစ်ပြီး ရွာသူရွာသားတွေ တွေ့ရှိတဲ့အတွက် ဆယ်ယူခဲ့ပြီး ကသာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနဲ့ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတွေက တိုင်းတာစစ်ဆေးပြီး ဆေးမှတ်တမ်းရယူကာ မြေမြှုပ်နှံခဲ့ပါတယ်။