Home
မြန်မာသတင်း
လာမည့် လွှတ်တော်တွင် စီမံဘဏ္ဍာအခွန် ဥပဒေကြမ်းများ ဆွေးနွေးအတည်ပြုမည်
DVB
·
January 10, 2018
  ဇန်န၀ါရီ ၁၅ ရက်မှာ ပြန်လည်စတင်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေမှာ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနဲ့ အခွန်အကောက် ဥပဒေကြမ်း တို့ကို  အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးကြဖို့ ရှိပါတယ်။ ဇန်န၀ါရီ ၉ ရက်က နေပြည်တော်၊ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်လွှတ်တော်အသီးသီးရဲ့ သတ္တမပုံမှန် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေးမှာ  ပြည်ထောင်စုလွှတ်တော် နာယက  မန်းဝင်းခိုင်သန်း က ပြောခဲ့တာ ဖြစ်ပါတယ်။ “အခု ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ၂ဝ၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလ အထိ ၆ လ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ၂ဝ၁၈ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းနဲ့ ၂ဝ၁၈ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်း တို့ကို  အတည်ပြုပြဋ္ဌာန်းနိုင်ရေးအပါအဝင် အခြားဦးစားပေးရမယ့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဇန်န၀ါရီ ၉ရက် တရက်ထဲမှာပဲကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union-MPU) အစည်းအဝေးမှာလည်း မန်းဝင်းခိုင်သန်းက လွှတ်တော်နှစ်ရပ်နဲ့ ပြည်နယ်တိုင်းလွှတ်တော်တွေ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ကြဖို့ ပြောပါတယ်။ “ဒုတိယအကြိမ် လွှတ်တော်များ ဖွဲ့စည်းခဲ့ရာ အခုလကုန်ဆိုရင်  သက်တမ်း ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ကျန်တဲ့သက်တမ်းကာလမှာ ပြည်ထောင်စုအဆင့် လွှတ်တော်များနဲ့  တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်များက ညှိနှိုင်းပေါင်းစပ်ပြီး ဥပဒေနဲ့အညီ လုပ်ဆောင်သွားကြရမယ့် ကိစ္စရပ်များအတွက် အကြံပြုဆွေးနွေးကြဖို့  တိုက်တွန်းပါတယ်။” ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကလည်း  ဒုတိယအကြိမ် လွှတ်တော် သက်တမ်းရဲ့ ၂ နှစ်ပြည့်ကာလမှာ လွှတ်တော်တွေရဲ့ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ကြဖို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဆဌမအကြိမ်လွှတ်တော်အတွင်း ဥပဒေကြမ်း ၁၁ ခု အတည်ပြုနိုင်ခဲ့ပြီး လွှတ်တော်အသီးသီးမှာ ဆက်လက်ဆွေးနွေးနေဆဲ ဥပဒေကြမ်း အခု ၂၀ ရှိတယ်လို့ လွှတ်တော်စောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာရှေဆောင်အဖွဲ့ရဲ့ စစ်တမ်းတရပ်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024