ပါကစ္စတန်တွင် ရဲထရပ်ကားကို အသေခံဗုံးခွဲတိုက်ခိုက်၊ ၇ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံထဲက ဘာလိုချီစတန်ပြည်နယ်မြို့တော် ကွတ်တာမှာ ရဲထရပ်ကားကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဗုံးဖောက်ခွဲမှုမှာ ပစ်မှတ်ထားခံခဲ့ရတဲ့ ရဲထရပ်ကားဟာ ပြည်နယ်လွှတ်တော်နဲ့ တခြား အစိုးရအဆောက်အအုံတွေရှိတဲ့ လုံခြုံရေးတိုးမြှင့်ထားတဲ့ နေရာအနီးမှာ ရှိနေခဲ့တာပါ။
အသေခံဗုံးဖောက်ခွဲသူတဦးဟာ ထရပ်ကားဆီကို လမ်းလျှောက်လာပြီး သူ့ကိုယ်သူ ဖောက်ခွဲခဲ့ကြောင်း ယူဆရတယ်လို့ ပါကစ္စတန် အကြီးတန်းအရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ရဲ ၅ ဦးနဲ့ အရပ်သား ၂ ဦးရဲ့ အလောင်းတွေအပြင် ဗုံးခွဲမှုမှာ ဒဏ်ရာရသူတွေကိုပါ ဆေဗယ်ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး တချို့ဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။
အခုတိုက်ခိုက်မှုဟာ ပြည်နယ်ဝန်ကြီးချုပ် ဆာနူလာ ဇာရီ ရာထူးကနေ နုတ်ထွက်ပြီး နာရီပိုင်းအကြာမှာ ဖြစ်ပွားခဲ့ပေမယ့် ဖောက်ခွဲမှုနဲ့ ပြည်နယ်နိုင်ငံရေး ဆက်နွယ်မှုရှိလားဆိုတာ မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့က အသေခံဗုံးခွဲသူ ၂ ဦးက ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လူ ၉ ဦးသေဆုံးပြီး နောက်ထပ် ၅၆ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။