ပါကစ္စတန်တွင် ရဲထရပ်ကားကို အသေခံဗုံးခွဲတိုက်ခိုက်၊ ၇ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ပါကစ္စတန်နိုင်ငံထဲက ဘာလိုချီစတန်ပြည်နယ်မြို့တော် ကွတ်တာမှာ ရဲထရပ်ကားကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဗုံးဖောက်ခွဲမှုမှာ ပစ်မှတ်ထားခံခဲ့ရတဲ့ ရဲထရပ်ကားဟာ ပြည်နယ်လွှတ်တော်နဲ့ တခြား အစိုးရအဆောက်အအုံတွေရှိတဲ့ လုံခြုံရေးတိုးမြှင့်ထားတဲ့ နေရာအနီးမှာ ရှိနေခဲ့တာပါ။ အသေခံဗုံးဖောက်ခွဲသူတဦးဟာ ထရပ်ကားဆီကို လမ်းလျှောက်လာပြီး သူ့ကိုယ်သူ ဖောက်ခွဲခဲ့ကြောင်း ယူဆရတယ်လို့ ပါကစ္စတန် အကြီးတန်းအရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ရဲ ၅ ဦးနဲ့ အရပ်သား ၂ ဦးရဲ့ အလောင်းတွေအပြင် ဗုံးခွဲမှုမှာ ဒဏ်ရာရသူတွေကိုပါ ဆေဗယ်ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး တချို့ဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်။ အခုတိုက်ခိုက်မှုဟာ ပြည်နယ်ဝန်ကြီးချုပ် ဆာနူလာ ဇာရီ ရာထူးကနေ နုတ်ထွက်ပြီး နာရီပိုင်းအကြာမှာ ဖြစ်ပွားခဲ့ပေမယ့် ဖောက်ခွဲမှုနဲ့ ပြည်နယ်နိုင်ငံရေး ဆက်နွယ်မှုရှိလားဆိုတာ မသိရသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့က အသေခံဗုံးခွဲသူ ၂ ဦးက ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လူ ၉ ဦးသေဆုံးပြီး နောက်ထပ် ၅၆ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up