Home
ဆောင်းပါး
မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကို ပြုပြင်ပြောင်းလဲခြင်း
DVB
·
January 10, 2018
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကျနော် ပင်စင်ယူပြီးမှပဲ ရေးမယ်လို့ နဂိုက စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် အခု ကျောင်းသားသမဂ္ဂ ကိစ္စလေးတွေ FaceBook တက်လာပြီး ပြောကြ ရေးကြတာ တွေ့တော့ မလိုအပ်ဘဲ နားလည်မှုတွေလွဲပြီး ကျောင်းသားကြားထဲ အကွဲအပြဲ ဖြစ်မှာစိုးလို့ အခုကစပြီး ခေါင်းစဉ်တခုချင်းစီ တပ်ပြီး ကျနော် ကျောင်းကို ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့သလဲ၊ လုပ်နေသလဲ ဆိုတာတွေ သိအောင် ရေးသွားပါမယ်။ တက္ကသိုလ်အုပ်ချုပ်ရေးစနစ် ပြုပြင်ခြင်း ကျနော် ပါချုပ်အနေနဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ စပြီး အမှုထမ်းပါတယ်။ တကျောင်းလုံး နေရာတော်တော်များများမှာ ဆူးချုံတွေ၊ ဗွက်တွေ၊ လမ်းကောင်းကောင်း မရှိ ဖြစ်နေတာတွေကို ပထမဦးစားပေး ဆောင်ရွက်နေရတာကြောင့် အုပ်ချုပ်ရေးစနစ်ကို ၂၀၁၃ ခုနှစ်အထိ သိသိသာသာ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ခဲ့ပါဘူး။ ၂၀၁၃ ခုနှစ် ဒုတိယနှစ်ဝက် စဖွင့်တဲ့အချိန်မှာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် ၃ ယောက်ကို ကျနော့်ရုံးခန်းမှာ နောက် ၆ လနေရင် ဇန်န၀ါရီလ တကျောင်းလုံး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း ပြောပါတယ်။ ဒါကြောင့် ကျောင်းသားတွေ ကိုယ့်ဘက်ပါအောင် စည်းရုံးပါ။ ရွေးကောက်ခံထဲမှာ ကိုယ့်လူများများပါရင် ခင်ဗျားတို့ ပြောတဲ့အတိုင်း ကျနော် လုပ်ပေးရမှာပါဆိုတာလည်း ပြောခဲ့ပါတယ်။ ၂၀၁၄ ဇန်နဝါရီမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ (နှစ်စဉ် အခုချိန်ထိ ပုံမှန်ကျင်းပနေပါတယ်။) ဘာသာရပ်အလိုက်၊ အတန်းအလိုက် ဆောင်ရွက်ခဲ့တာပါ၊ ကျောင်းသားတွေက ကိုယ်ကြိုက်သူကို မဲပေါ်မှာ ရေးပြီး ကျောင်းသားအားလုံးရှေ့မှာ ထားတဲ့ မဲပုံးထဲကို ကိုယ်တိုင် ထည့်ကြရပါတယ်။ မဲပုံးထဲက မဲကို ကျောင်းသား ကျောင်းသူတွေ ကိုယ်တိုင် ဖောက်ပါတယ်။ ဖတ်ပါတယ်။ သူတို့ကိုယ်တိုင် သင်ပုန်းကြီးမှာ တာလီခြစ်ပါတယ်။ ဘယ်သူအနိုင်ရလဲဆိုတာ သူတို့ကိုယ်တိုင် ပေါင်းပြီး ကြေညာပေးပါတယ်။ ဆရာ၊ ဆရာမက ရပ်ပြီး စောင့်ပေးပါတယ်။ ရုံးက မဲပြဿနာမရှိအောင် မဲပြားကို တံဆိပ်တုံးထု၊ လက်မှတ်ထိုးတာကလွဲလို့ ဘာမှ ဝင်မပါပါဘူး။ (ကျောင်းထွက်တွေကို မေးကြည့်နိုင်ပါတယ်။) ၂၀၁၄ ပထမဆုံး ရွေးကောက်ခံ ကျောင်းသားကိုယ်စားလှယ် ၁၀၈ ယောက် ရှိပါတယ်။ အဲဒီထဲမှာ ကျောင်းသားသမဂ္ဂက ကျောင်းသား ကျောင်းသူ ၅ ယောက်၊ ၆ ယောက် (ခန့်မှန်း) ပါဝင်ခဲ့ပါတယ်။ ကိုယ်စားလှယ်တွေနဲ့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပထမဆုံး တွေ့ဆုံပွဲမှာ အခု ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဘယ်နာမည်နဲ့ ဖွဲ့စည်းချင်သလဲဆိုတာ အများရဲ့ဆန္ဒကို ယူခဲ့ပါတယ်။ အများရဲ့ဆန္ဒအရ ကျောင်းသားသမဂ္ဂ ဆိုတဲ့ နာမည်အစား University Students Association ဆိုတာကို ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီအချိန်က ကျောင်းသားသမဂ္ဂနဲ့ အစိုးရ ရေချိန်မြင့်နေချိန်ဖြစ်လို့ ကျောင်းသားအများက ဒီနာမည်ကို ရွေးခဲ့ကြတာလို့ ထင်ပါတယ်။ ရွေးချယ်ထားတဲ့ နာမည်နဲ့ ဆိုင်းဘုတ်ရေးပြီး သူတို့အတွက် သီးသန့်ရုံးခန်းတခု ပေးခဲ့ပါတယ်။ မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်ထဲမှာ ကျောင်းသားအဖွဲ့အစည်းအတွက် ပထမဆုံးသော ရုံးခန်းပေးခဲ့တဲ့ တက္ကသိုလ် ဖြစ်ခဲ့ပါတယ်။ အရင်အစိုးရလက်ထက်မှာပါ။ ရွေးကောက်ခံကိုယ်စားလှယ်အဖွဲ့နဲ့ ကျနော်တို့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဟာ တလကိုတကြိမ် တွေ့ဆုံပြီး ကျောင်းသားတွေက ဖြစ်ချင်တာတွေ၊ တင်ပြလာတာတွေကို လုပ်ပေးနိုင်တာဆို နောက်တကြိမ် အစည်းအဝေးမတိုင်ခင်မှာ ပြီးအောင် ဆောင်ရွက်ပေးပါတယ်။ မလုပ်ပေးနိုင်တဲ့ ကိစ္စဆိုရင်လည်း ဘာကြောင့် မလုပ်ပေးနိုင်တာလဲ ဆိုတာကို သူတို့ သဘောပေါက် နားလည်အောင် ရှင်းပြပါတယ်။ အဲဒါအပြင် ဒီတက္ကသိုလ်ရဲ့ ကျောင်းသား ကျောင်းသူ တဦးချင်းစီကလည်း တင်ပြစရာ ရှိရင် ဒီအစည်းအဝေးကို ဘယ်အချိန်ဖြစ်ဖြစ် ခေါ်ပေးဖို့ တောင်းဆိုပိုင်ခွင့် ရှိပါတယ်။ သူ တင်ပြစရာရှိတာကို တင်ပြ၊ ပြီးရင် ဆွေးနွေး၊ အားလုံးပြီးရင် မဲခွဲပါတယ်။ သူ့အဆိုနိုင်ရင် သူလုပ်ချင်တာကို ကျောင်းက လုပ်ပေးပါတယ်။ အခုအချိန်ထိ သုံးကြိမ်ထက်မနည်း ဒီလို ကြားဖြတ်အစည်းအဝေး ခေါ်ခဲ့ရဖူးပါတယ်။ ကိုယ်စားလှယ်တွေနဲ့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ လစဉ် အစည်းအဝေးမှာ ကျောင်းရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ငါးနှစ်စီမံကိန်း၊ ဒီနှစ်မှာ ဘာလုပ်မယ်၊ နောက်နှစ်မှာ ဘာလုပ်မယ်၊ နောက် သုံးနှစ်မှာ ဘာလုပ်မယ် ဆိုတာကိုလည်း သူတို့ကို တင်ပြ အသိပေးပါတယ်။ အဲဒါအပြင် ဒီနှစ်မှာ Capital Budget ဘာတွေရတယ်၊ Current ထဲက ဘာတွေလုပ်မယ်ဆိုတာ ချပြတဲ့အပြင် ကိုယ်စားလှယ်တွေက ကျောင်းအတွက် ဘာတွေ လုပ်စေချင်သလဲ ဆိုတာကိုလည်း မေးပြီး ဆောင်ရွက်ပေးပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေက ဘာကို ရည်ရွယ်ခဲ့တာလဲဆိုတော့ (၁) ဒီမိုကရေစီ ဆိုတာကို စာတွေ့၊ သူများပြောတာထက် လက်တွေ့ ပါဝင်ဆောင်ရွက်စေခြင်းဖြင့် ပိုမိုသဘောပေါက်စေချင်တာ၊ (၂) ကိုယ်နဲ့ သဘောချင်း မတိုက်ဆိုင်ပေမယ့်လည်း အများရဲ့ ဆန္ဒကို လေးစားလိုက်နာ ဆောင်ရွက်ရမယ်ဆိုတဲ့ အသိစိတ်ကို ကိုယ်တိုင်ထိတွေ့ လေ့ကျင့်မှု ရစေချင်တာ။ ဒါမှလည်း တချိန်မှာ နိုင်ငံကို ဦးဆောင်ရတဲ့သူနေရာ ဖြစ်ခဲ့ရင် လေ့ကျင့်ပြီးသား ဖြစ်နေစေချင်တဲ့ စေတနာပါ။ သိပ်သေချာတာ တခုကတော့ ကျနော်က ကျနော့်တက္ကသိုလ်ကို ဘယ်တုန်းကမှ အာဏာရှင်ရှင်ဆန်ဆန် မအုပ်ချုပ်ခဲ့သလို ဘယ်တော့မှလည်း အဲဒီလို အုပ်ချုပ်မှာ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့တာတွေ အားလုံး အခုအချိန်ထိ ဒီအတိုင်း ဆောင်ရွက်နေတုန်းပါ။ ဒါ ကျနော် တတ်စွမ်းသလောက် ကျောင်းသားတွေအတွက်၊ တက္ကသိုလ်အတွက် ကြိုးစားပြီး လုပ်နေတာပါ။ လူဖြစ်တဲ့အတွက် အမှားမရှိဘူးလို့ ကျနော် မပြောပါဘူး။ ရှိနိုင်ပါတယ်။ ကျောင်းသားတွေ ထောက်ပြရင်လည်း ကျနော် ပြင်ခဲ့ပါတယ်။ သူတို့ အကြံဉာဏ်လည်း ယူရပါတယ်။ ဒီနည်းနဲ့ စီမံခန့်ခွဲနေတာပါ။ ရုံးလုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်း (၁) Procedure များ ပြောင်းလဲခြင်း ရုံးဝန်ထမ်း၊ အရာရှိတွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး မလိုအပ်ဘဲ ကြန့်ကြာနေတာတွေ၊ ကျောင်းသားတွေနဲ့ ဆက်ဆံတဲ့အခါ မပြေလည်တာတွေကို ပြုပြင်ဖို့လိုပြီဆိုတာ ရှင်းပြပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာ အားလုံး ဝိုင်းစဉ်းစား အဖြေရှာစေခဲ့ပါတယ်။ (Brain Storming) အားလုံး ဝိုင်းစဉ်းစားလို့ရတဲ့ အဖြေနဲ့ ပြုပြင်ပြောင်းလဲခဲ့တဲ့အတွက် အောက်က အရာတွေမှာ သိသိသာသာ တိုးတက်မှု ရခဲ့ပါတယ်။ (က) ယခင်က ဘွဲ့လက်မှတ် ထောက်ခံစာနဲ့ အမှတ်စာရင်းတောင်းရင် ၇ ရက်ကနေ ၁၀ ရက်ထိ ကြာတတ်ပါတယ်။ အခု နေ့ချင်းပြီး ရပါတယ်။ ပုံမှန်ဆို တနာရီလောက်နဲ့ ရပါတယ်။ (ခ) ကျောင်းပြောင်း ယခင်က ၂ ပတ်၊ ယခု နေ့ချင်းပြီး။ (ဂ) ကျောင်းအပ်တာ။ ပထမနှစ်ကလွဲရင် နာရီပိုင်းအတွင်း ရလာပါတယ်။ ပထမနှစ်ကတော့ သူနဲ့ပတ်သက်တဲ့ အချက်အလက် ကျောင်းမှာ မရှိတဲ့အတွက် နည်းနည်းပိုကြာတတ်ပါတယ်။ (၂) Job Rotation ဌာနများ ပြောင်းလဲလုပ်ကိုင်စေခြင်း ဒီလို လုပ်ခဲ့တဲ့အတွက် ဘယ်သူ မရှိလို့၊ နောက်နေ့မှလာခဲ့ ဆိုတာ မရှိတော့ပါဘူး။ ရှိတဲ့သူက လုပ်ပေးနိုင်တဲ့အတွက်ပါ။ အဲဒီလိုပဲ ဌာနတခုမှာ လူပြုံနေရင် ကျန်ဌာနက လူကို အချိန်မရွေး ဖြည့်ပြီး ဆောင်ရွက်ခိုင်းလို့ ရလာပါတယ်။ ကျောင်းသားတွေ အကြာကြီးစောင့်ရမယ့် အချိန်ကို အများကြီး လျော့ကျစေပါတယ်။ (၃) Building up Customer-Oriented Culture ကျောင်းသားသည် ပထမ ဆိုတဲ့စိတ် ဖြစ်ပေါ်လာစေဖို့ စဉ်ဆက်မပြတ် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်လည်း ကိစ္စတော်တော်များများမှာ မဖြစ်နိုင်ဘူး ဆိုတာထက် ဖြစ်အောင် ဘယ်လိုလုပ်ပေးရင်ရမလဲလို့ ပြောင်းလဲစဉ်းစား လုပ်ကိုင်လာကြပြီဆိုတာလည်း ကျောင်းထွက်တွေ သိခဲ့ပြီးဖြစ်မှာပါ။ အားလုံး Perfect လို့ ပြောတာမဟုတ်။ အရင်ကထက် များစွာ Improvement ရလာတယ်ဆိုတာ ပြောချင်တာပါ။ အဲဒါအပြင် ရုံးဝန်ထမ်းတွေရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး Complaints တွေ မရှိသလောက်နီးနီး လျော့ကျခဲ့ပါတယ်။ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်ကို ပြုပြင်ပြောင်းလဲခြင်း (၃) (၁) ဆရာ၊ ဆရာများရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရန် ဆောင်ရွက်ခြင်း ၂၀၀၇ ခုနှစ် ကျနော်က ဒု-ချုပ်၊ တာဝန်ခံပါချုပ်က ဒေါက်တာဆန်းလွင်၊ ကျနော်တို့နှစ်ယောက် ဒီတက္ကသိုလ်ကို ဘယ်လိုပြင်ရင် ကောင်းမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ တက္ကသိုလ် ပညာရေးကို ပြင်ချင်ရင် ဆရာ၊ ဆရာမတွေကို အရင်တိုးတက်အောင် လုပ်မှ ရမယ်။ ဆရာ မတော်ဘဲနဲ့ တော်တဲ့တပည့်တွေ ထွက်ဖို့ဆိုတာ အင်မတန် ခက်ခဲမယ်လို့ နှစ်ယောက်သား သဘောတူခဲ့ကြပါတယ်။ ဒါကြောင့် (က) ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရအောင် လုပ်မယ် (ခ) English စာ ကျွမ်းကျင်မှုရှိအောင် လုပ်မယ်လို့ သဘောတူခဲ့ကြပါတယ်။ (က) ဘာသာရပ် ဒါနဲ့ပတ်သက်ပြီး နှစ်ယောက်သား စဉ်းစားတယ်။ ကျနော်တို့နှစ်ယောက်ပဲ လေ့ကျင့်ပေးရုံနဲ့တော့ ကျနော်တို့ထက်တော်တဲ့ တပည့်ကို မွေးထုတ်ပေးနိုင်မှာ မဟုတ်ဘူး။ နိုင်ငံခြား ပညာသင်ရအောင် စေလွှတ်နိုင်မှ ဖြစ်မယ်ဆိုပြီး Scholarship Oriented Training ပေးပါတယ်။ ပညာသင် ဖြေမယ့်သူတွေကို အားပေးခဲ့တယ်။ လူအား၊ ငွေအား စိုက်ထုတ် လုပ်ခဲ့ကြတယ်။ အခု ဆရာ၊ ဆရာမ တော်တော်များများ နိုင်ငံခြားဘွဲ့တွေနဲ့ ပြန်ရောက်နေကြပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်မသွားနိုင်၊ မသွားရသူတွေကိုလည်း ဆက်လက်ပြီး Ph.D ဆက်လုပ်ဖို့ တိုက်တွန်း ဆောင်ရွက်ခဲ့ပါတယ်။ အခု ဆရာအများစု Ph.D ရသူ၊ တက်နေသူတွေ ဖြစ်နေပါပြီ။ (၁) စာဖတ်ဖြစ်အောင် ဆောင်ရွက်ခြင်း ဆရာတွေရဲ့ စာဖတ်စွမ်းရည် မြင့်လာစေဖို့ ၄ နှစ်အချိန်ယူပြီး ဖြည်းဖြည်း ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂ ကျနော် ဒီကျောင်းရောက်တဲ့အချိန်မှာ Text Book တွေဟာ ဖြတ်ညှပ်ကပ်တွေပါ။ စာမျက်နာကလည်း ပျှမ်းမျှ ၁၀၀ နဲ့ ၁၅၀ ကြားလောက် ဆိုပါတော့။ ၂၀၁၄ မှာ စာမျက်နှာ အနည်းဆုံး ၃၀၀ ရှိရမယ်လို့ ပြဋ္ဌာန်းစေခဲ့ပါတယ်။ နောက်နှစ်မှာ ၅၀၀။ ၂၀၁၆ ဒီဇင်ဘာမှာ ဖြတ်ညှပ်ကပ် လုံးဝမရှိရ။ နိုင်ငံခြားက စာအုပ်အတိုင်း ပြဋ္ဌာန်းစေခဲ့ခြင်းဖြင့် ဝန်မပိစေဘဲ စာဖတ်နှုန်းကို တဖြည်းဖြည်းချင်း မြှင့်ခဲ့ပါတယ်။ (၂) သုတေသန ဆောင်ရွက်စေခြင်း သုတေသနကို စူးစိုက်ဆောင်ရွက်နိုင်ဖို့ University Research Center ဆိုပြီး ထူထောင်ပြီး Major ဌာနကနေ တဌာနလျှင် နှစ်ယောက်နှုန်း ပြောင်းရွှေ့စေလျက် သုတေသနကို စူးစိုက်ဆောင်ရွက်စေခဲ့ပါတယ်။ (ခ) English English စာကို English စာ ဌာနမှူးကိုယ်တိုင် လေးနှစ်ကျော် ငါးနှစ် စဉ်ဆက်မပြတ် ပို့ချစေခဲ့ပါတယ်။ လိုချင်တဲ့ အတိုင်းအတာအထိ မရောက်သေးပေမယ့် တိုးတက်မှုများစွာ ရခဲ့တာတော့ သေချာပါတယ်။ ဒါကြောင့် အရှိန်မပျက်စေဖို့ ဆက်လက် ဆောင်ရွက်ရဦးမှာပါ။ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်ကို ပြုပြင်ပြောင်းလဲခြင်း (၄) ပညာရေးကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် အလွတ်ကျက်ပညာရေးမှ စဉ်းစားဆင်ခြင်မှုကို အခြေခံသော၊ အသားပေးသော ပညာရေးသို့ ကျနော် ဒီကျောင်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ ပါမောက္ခချုပ်အနေနဲ့ ရောက်လာတဲ့ အချိန်မှာ Text Book ကလည်း ဖြတ်ညှပ်ကပ်။ စာမေးပွဲကလည်း အလွတ်ကျက်ဖြေစနစ်ပါ။ ဒါကို ပြောင်းလဲပစ်ဖို့ ကနဦး ငါးနှစ် Plan ဆွဲပြီး ၂၀၁၃ ခုနှစ်မှာ စတင်ပြောင်းလဲခဲ့ပါတယ်။ ဒီလို ပြောင်းဖို့လုပ်တဲ့အခါမှာ အခြေခံ သတိထားရမယ့် အချက်အနေနဲ့က ၁။ ဆရာတွေအပေါ် အလွန်အမင်း ဝန်မပိဖို့ ၂။ ကျောင်းသားတွေပေါ်မှာလည်း အလွန်အမင်း ဝန်မပိစေရဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ (၁) Text Book ဒါကြောင့် Text Book ကို ဖြတ်ညှပ်ကပ်ကနေ Original စာအုပ်အတိုင်းဖြစ်အောင် လေးနှစ်လောက် အချိန်ယူပြီး တနှစ်ကို နှစ်ဘာသာ၊ သုံးဘာသာ တတန်းချင်း ကျောင်းသားတွေ အရမ်းသတိမထားမိစေဘဲနဲ့ တဖြည်းဖြည်းချင်း ပြောင်းလဲခဲ့ပါတယ်။ ၂၀၁၆ မှာ အတန်းအားလုံး ဘာသာရပ်အားလုံး (မြန်စာမှလွဲ၍) ရဲ့ Text တွေကို Original စာအုပ်တွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ (၂) Presentation and Assignment စနစ်သို့ ပြောင်းခြင်း ခိုးကူးဖြေလို့ လွယ်တဲ့ Tutorial စနစ်ကနေ မိမိဘာသာ ရှာဖွေသီကုံးရတဲ့ Assignment စနစ်ကို ၂၀၁၅ မှာ ပြောင်းခဲ့ပါတယ်။ တချိန်တည်းမှာပဲ လူရှေ့သူရှေ့မှာ ပြောရဲ ဆိုရဲစေရန်နဲ့ ကိုယ်ရည်သွေးနိုင်တဲ့ အခွင့်အလမ်းရှိတဲ့ Presentation စနစ်ကို ပြောင်းခဲ့ပါတယ်။ ကျောင်းသားတိုင်း အုပ်စုလိုက်၊ တဦးချင်း Laptop နဲ့ Projector နဲ့ လုပ်နိုင်တဲ့စနစ်ကို ၂၀၁၆ မှာ ရောက်ရှိခဲ့ပါတယ်။ ဒါကြောင့် မိမိဘာသာ စာရှာတာ၊ စာဖတ်တာ၊ အုပ်စုလိုက် Presentation အတွက် အတူတကွ စာလုပ်တာ စတဲ့ အရင်က မရှိခဲ့တဲ့ အရာတွေ တက္ကသိုလ်ကို ပြန်ရောက်လာပါတယ်။ (၃) စာမေးပွဲ မေးခွန်း ၂၀၁၃ မှာ up to ၃၀% က စဉ်းစား တွေးတောဖြေရတဲ့ မေးခွန်းပါ။ ၂၀၁၅ မှာ up to ၅၀% ပါ။ ၂၀၁၇ မှာ up to ၁၀၀% ဖြစ်ပါတယ်။ ဒါလည်းပဲ တဖြည်းဖြည်းချင်း အချိန်ယူ ပြောင်းခဲ့ပါတယ်။ Quality Assurance တက္ကသိုလ်ရဲ့ ပညာအရည်အသွေး စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ တိုးတက်အောင် လုပ်ဖို့အတွက် ၂၀၁၅ မှာ Quality Assurance Center ကို ထူထောင်ပြီး ဌာနတခုကို ဆရာနှစ်ယောက်နှုန်း ပို့ပြီး တာဝန်ပေးခဲ့ပါတယ်။ ပထမတနှစ်မှာ Quality Assurance System နဲ့ပတ်သက်တဲ့ Theory ပိုင်းနဲ့ Europe နဲ့ Asean မှာ သုံးနေတဲ့ စနစ်တွေကို လေ့လာစေခဲ့ပါတယ်။ ၂၀၁၆ မှာ ကျန်ဌာနတွေအားကို Workshop လုပ်စေခဲ့ပါတယ်။ ပြီးတော့ ဒီတက္ကသိုလ်မှာ သုံးမယ့်စနစ်ကို ဌာနအားလုံး တွေ့ပြီး အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ အားလုံးက လက်ခံသဘောတူပြီဆိုမှ ၂၀၁၇ မှာ ပထမဆုံး Pilot Project အဖြစ် MCom. Program ကို စတင်သုံးကြည့်ပါတယ်။ ကျောင်းသားတွေကို Survey လုပ်၊ ပြန်ညှိ၊ ပြန်လုပ်နဲ့ အခုတော့ M.Com Program အတွက် ပြီးသွားပါပြီ။ ဒီလုပ်တဲ့နည်းအတိုင်း ဒီနှစ် အတန်းအားလုံးကို လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ပြုပြင်ပြောင်းလဲမှု အသားကျပြီး လုပ်ရိုးလုပ်စဉ် ဖြစ်သွားဖို့ ၂၀၁၈ ကနေ ၂၀၂၀ အထိ လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါမှ နဂိုအတိုင်း ပြန်မရောက်မှာပါ။ (Institutionalization) နိဂုံး ဒီအပြောင်းအလဲတွေ အားလုံးရဲ့ ရည်ရွယ်ချက်က တခုတည်းပါ။ အဲဒါကတော့ “ဆရာတွေထက် ပိုတော်တဲ့ တပည့်တွေကို မွေးထုတ်ဖို့ပါ။" ဆရာထက် ညံ့သူတွေပဲ မွေးထုတ်နေသရွေ့ ဒီတိုင်းပြည် ဘယ်တော့မှ သူများကို အမီလိုက်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေလို့ပါ။ (ဤဆောင်းပါးကို ဒေါက်တာတင်ဝင်းထံမှ  ခွင့်ပြုချက်တောင်းခံ ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။) ဒေါက်တာတင်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024