လီဗာပူးပရိသတ်များကို အင်စတာဂရမ်မှတဆင့် ကော်တင်ဟို နှုတ်ဆက်

1.4K
ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားတဲ့ ကော်တင်ဟိုဟာ လီဗာပူးပရိသတ်တွေအတွက် အင်စတာဂရမ်ကနေတဆင့် နှုတ်ဆက်စာ ရေးသားခဲ့ပါတယ်။
လီဗာပူးအသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဟာ ဘာစီလိုနာအသင်းမှာ ကစားချင်တဲ့ မိမိရဲ့ အိပ်မက်ကြောင့်ဖြစ်ပြီး ပရိသတ်တွေဘက်က နားလည်ပေးဖို့ မျှော်လင့်တယ်လို့ ကော်တင်ဟိုက ဆိုပါတယ်။
လီဗာပူးနဲ့ ၅ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှတ်တရတွေကို ဘယ်တော့မှ မေ့သွားမှာမဟုတ်ဘဲ ကမ္ဘာကြီး ဘယ်နေရာရောက်နေပါစေ၊ အမှတ်ရနေမှာ ဖြစ်တယ်လို့ ကော်တင်ဟိုက ထည့်သွင်းရေးသားခဲ့ပါတယ်။
ဒါ့အပြင် လီဗာပူးအသင်းပိုင်ရှင်၊ ပရိသတ်တွေနဲ့ ဝန်ထမ်းတွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ လီဗာပူးမြို့နဲ့ အသင်းကလူတွေဟာ မိမိဘဝရဲ့ အစိတ်အပိုင်းတခုအဖြစ် အမြဲအမှတ်ရနေမှာ ဖြစ်တယ်လို့ ကော်တင်ဟိုက ဆိုပါတယ်။
ကော်တင်ဟိုအနေနဲ့ သူ့စာရဲ့နောက်ဆုံးမှာ လီဗာပူးအသင်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ You will never walk alone ဆိုတဲ့ စာသားကိုလည်း ထည့်သွင်းရေးသားခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ ဘရာဇီးလက်ရွေးစင် ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ပေါင် ၁၄၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ၅ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။