ပီရူးတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၁၇၀၀ ခန့်က အဆောက်အဦတခု တူးဖော်တွေ့ရှိ

ပီရူးနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀ ခန့်ကလို့ ယူဆရတဲ့ အဆောက်အဦတခုကို ရှေးဟောင်းသုတေသန ပညာရှင်တွေ တူးဖ်ာတွေ့ရှိခဲ့ပါတယ်။
ပီရူးနိုင်ငံမှာရှိတဲ့ ဆီပန်တော်ဝင်သင်္ချိုင်းဂူပြတိုက်က ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ ပီရူးနိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ချီကလေရိုမြို့ရဲ့ တောင်ဘက် ၁၈ မိုင်အကွာ လန်ဂန်နက်စမိုဂူပီဒေသက မြေအောက်ထဲကနေ အခုလို ရှေးဟောင်းအဆောက်အဦကို တူးဖော်တွေ့ရှိခဲ့တာပါ။
အဆောက်အဦဟာ မိုချီကာယဉ်ကျေးမှုထွန်းကားတဲ့ ခေတ်ကာလကဖြစ်ပြီး ပိရမစ်ပုံ အဆောက်အဦ ငါးခုပါတဲ့ ပွဲအခမ်းအနားကျင်းပရာ အခန်းတခန်း၊ စားသောက်ခန်းမနဲ့ ပလ္လင်တခုတို့ကို တူးဖော်တွေ့ရှိခဲ့တာပါ။
ဆီပန်တော်ဝင်သချိုင်းဂူ ပြတိုက်ရဲ့ ဒါရိုက်တာ ဝေါ်လ်တာအယ်လ်ဗာက “ပိရမစ်ပုံ အဆောက်အဦ ငါးလုံးတွေ့ပါတယ်။ တခုနဲ့တခု ဆက်သွယ်ပေးတဲ့ ပလက်ဖောင်းတွေလည်း တွေ့ပါတယ်။ ဒီဟာတွေက အခြေတကျရှိခဲ့တဲ့ မိုချီကာယဉ်ကျေးမှုကြီးရဲ့ အစိတ်အပိုင်းတွေပါ” လို့ ပြောပါတယ်။
အခုတူးဖော်တွေ့ရှိတဲ့ ရှေးဟောင်းအဆောက်အဦကနေ ငါးပုံရေးဆွဲထားတဲ့ ပန်းချီတခုကို တွေ့ရပါတယ်။
အခုငါးပုံဟာ တခြား ရှေးဟောင်းသုတေသန တူးဖော်ရေးနေရာတွေမှာ တွေ့ရတဲ့ ငါးပုံတွေနဲ့ ကွဲပြားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။