ပြည်သူက ရွေးချယ်ခန့်အပ်လျှင် ဘာဖြစ်ဖြစ်လုပ်နိုင်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြည်သူက သူ့ကို ရွေးချယ်ခန့်အပ်ရင်၊ လိုလားရင် ဘာပဲဖြစ်ဖြစ် သူလုပ်နိုင်တယ်လို့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲအတွင်း ဇန်နဝါရီ ၉ ရက်နေ့က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံတွင်း ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်မှာ သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အရိပ်အမြွက် ပြောလိုက်တာပါ။
စိတ်ထား ကြွပ်ဆတ်တယ်လို့ လူသိများတဲ့ ပရာယွတ်ဟာ သတင်းထောက်တွေဆီက ပရိယာယ်ပါတဲ့ မေးခွန်းတွေကို ရှောင်ဖို့ ဗျူဟာအနေနဲ့ သတင်းထောက်တွေအတွက် သူ့ပုံစံ ဖြတ်တောက်ထားတဲ့ ကတ္ထူစက္ကူနဲ့လုပ်ထားတဲ့ ရုပ်ပုံကို ချန်ထားခဲ့ပါတယ်။
စနေနေ့မှာ ကျရောက်မယ့် ထိုင်းနိုင်ငံရဲ့ ကလေးများနေ့ မတိုင်ခင် အစိုးရရုံးရဲ့ ခြံဝင်းပတ်လည်မှာ ပရာယွတ်နဲ့ ပုံစံတူ အရပ်တူ ကတ်ထူစက္ကူကို ဖြတ်ပြီးလုပ်ထားတဲ့ အရုပ် ၁၇ ခုကို စိုက်ထူထားပါတယ်။
အရုပ်တွေမှာ ပရာယွတ်ကို အားကစားဝတ်စုံ၊ လုပ်ငန်းခွင်ဝတ်စုံနဲ့ ထိုင်းရိုးရာဝတ်စုံတွေ အပါအဝင် ဝတ်စုံပေါင်းစုံနဲ့ ဆင်ယင် ပြသထားပါတယ်။
နိုင်ငံရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေအတွက် သူ့ပုံထွင်းထားတဲ့ ကတ္ထူစက္ကူရုပ်ကိုသာ မေးဖို့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ဇန်နဝါရီ ၈ ရက်နေ့က ပြောခဲ့ပါသေးတယ်။
ပရာယွတ်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ကို အာဏာသိမ်းပြီး စစ်အစိုးရကို ဦးဆောင်သူပါ။ သူဟာ ထပ်ခါတလဲလဲ နှောင့်နှေးနေတဲ့ ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၁၈ နိုဝင်ဘာလမှာ ကျင်းပမယ်လို့လည်း ကြေညာခဲ့ပါတယ်။