A d v e r t i s e m e n t With Us

စစ်ကိုင်းတိုင်းတွင် တရားမဝင်သစ်ဖမ်းမိမှု ယမန်နှစ်ထက် တန် ၃၀၀၀ကျော်လျော့နည်းလာ

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တရားမဝင်သစ်ဖမ်းဆီးရမိမှုက ၂၀၁၆ ခုနှစ်ကထက် တန် ၃၂၀၀ လောက်လျော့နည်းလာပြီး ဆက်စပ်ပစ္စည်းဖမ်းဆီးရမိမှုမှာတော့ ပိုများလာတယ်လို့ တိုင်းသစ်တောညွှန်ကြားရေးမှူးရုံးကသိရပါတယ်။ စာရင်းတွေအရ ၂၀၁၇ ဇန်နဝါရီကနေ ဒီဇင်ဘာလကုန်ထိ တိုင်းဒေသကြီးအတွင်း တရားမဝင်ကျွန်းသစ် ၂၅၆၃.၂၈၆၆ တန်၊ သစ်မာ ၂၉၁၇.၀၄၄၄ တန်၊ အခြားသစ် ၃၇၄၂.၁၇၂၅ တန် စုစုပေါင်း ၉၂၂၂.၅၀၃၅ တန်ဖမ်းဆီးရမိခဲ့ပြီး တရားခံဖမ်းဆီးရမိမှု၊ ဆက်စပ်ပစ္စည်း ဖမ်းဆီးရမိမှုတွေမှာတော့ များစွာတိုးတက်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ တိုင်းဒေသကြီး သစ်တောညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “အခုလို တရားခံနှင့် ဆက်စပ်ပစ္စည်းတွေ တိုးတက်ဖမ်းဆီးရမိတာက သစ်ခိုးထုတ်တဲ့နေရာမှာ တရားမဝင်သစ် သယ်ဆောင်သူတွေက သုံးဘီး၊ ထော်လာဂျီတွေလို သိသာမြင်သာတဲ့ အရာတွေထက် တပိုင်တနိုင် အိမ်စီးကား၊ ဆိုင်ကယ်တွေနဲ့ သယ်ဆောင်လာကြတဲ့ အတွက်ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ သစ်ဖမ်းဆီးရမိတဲ့ အနေအထားအရ အများဆုံးဖမ်းမိတာက သစ်တောတွေကျန်ရှိနေသေး တဲ့ ကသာ၊ ကလေးဝ၊ ကနီ စတဲ့ မြို့နယ်တွေမှာ ဖမ်းဆီးရမိမှုပိုများနေတာပါ။ အရင်ကနဲ့ စာရင်တော့ တရားမဝင်သစ်လုပ်ကိုင်မှုက လျော့နည်းလာတဲ့အနေအထားမှာရှိတယ်ဆိုပေမယ့် တိုးတက်လာတဲ့နည်းပညာ၊ ဝန်ထမ်းအင်အားနည်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာမှု စတာတွေကြောင့် ပပျောက်အောင်လုပ်ဆောင်နိုင်ဖို့ ခက်ခဲတယ်လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာနအနေနဲ့ တရားမဝင်သစ်ဖမ်းဆီးရေးကို သစ်တောတွေ ကျန်ရှိနေသေးတဲ့ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ မဟာမြိုင်၊ ကသာဒေသ စတဲ့နေရာတွေမှာ အမြဲတမ်းစစ်ကြောင်းတွေထားရှိပြီး လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း တရားမဝင်သစ်ခိုးထုတ်နေတာတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးဖို့နဲ့ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းမေးမြန်းတာ၊ အဆိုတင်ဆွေးနွေးတာတွေကိုလည်း ပြုလုပ်ထားပါတယ်။ တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ အရင်နှစ်တွေထက် မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲ၊ တပ်မတော်တို့ရဲ့ အကူအညီကိုရယူကာ သစ်ခိုးထုတ်မှု လျော့နည်း ကျဆင်းရေးအတွက် လုပ်ဆောင်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လစဉ်သုံးသပ်ချက်တွေအရ တရားမဝင်သစ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေ တက်တက်ကြွကြွပူးပေါင်း ပါဝင်လာမှုတွေက အများကြီးအားကောင်းလာပြီး ပြည်သူတွေရဲ့ တာဝန်သိသိသတင်းပေးလာမှုအတွက် သတင်းပေးသူတွေရဲ့လုံခြုံမှုကိုလည်း အလေးထား တာဝန်ယူပြီး ဒီထက်မက ပါဝင်လာအောင် ဌာနအနေနဲ့လည်း အမြဲတမ်းကြိုဆိုနေတယ်လို့ ဆိုပါတယ်။ ကျန်ရှိနေသေးတဲ့သစ်တောတွေကိုလည်း သဘာဝအတိုင်းထားရှိသွားမှာဖြစ်သလို မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဆိုးကျိုးတွေများတဲ့အတွက် ရရှိမယ့်အကျိုးအမြတ်နဲ့နှိုင်းယှဉ်ပြီး မူလတောအနေအထား ယိုယွင်းနေတဲ့ နေရာတွေကိုတော့ စိစစ်ပြီး ခွင့်ပြုပေးနေတယ်လို့သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up