Home
မြန်မာသတင်း
စီးပွားရေး၊ နိုင်ငံရေး တိုးတက်မှု ထင်တာထက် မြန်ဆန်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
January 10, 2018
တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုနဲ့ နိုင်ငံရေးတိုးတက်မှုဟာ ထင်တာထက် မြန်ဆန်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမမှာ မနေ့က ကျင်းပတဲ့ အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ တက်ရောက် အမှာစကားပြောရာမှာ ထည့်သွင်းပြောကြားသွားတာပါ။ “ အားလုံးကို ခြုံငုံပြီး ပြောရမယ်ဆိုရင် ကျမတို့ တိုးတက်မှု မရှိဘူးလားဆိုတော့ တိုးတက်မှု ရှိပါတယ်။ အရင်နှစ်ကထက်စာရင် တိုးတက်ပါတယ်။ တိုးတက်မှုက အမှန်ပြောရရင် တချို့ ထင်တာထက် များပါတယ်။ ကျမတို့ သေသေချာချာ လေ့လာတဲ့အခါကျတော့ ကျမတို့ရဲ့ စီးပွားရေးတိုးတက်မှုက ထင်တာထက် မြန်တယ်။ နိုင်ငံရေးတိုးတက်မှုကလည်း ထင်တာထက် မြန်ဆန်ပါတယ်ဆိုပြီး နိုင်ငံတကာလေ့လာရေးအဖွဲ့တွေက ကျမတို့ကို ပြောထားတာရှိပါတယ်။” လွန်ခဲ့တဲ့တနှစ်ကို ပြန်ကြည့်ရင် အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိခဲ့တယ်၊  အားသာချက်တွေကတော့ နိုင်ငံရဲ့ဘဏ္ဍာငွေနဲ့ ကျခံဆောင်ရွက်တဲ့ လုပ်ငန်းစီမံကိန်းတွေဟာ အရင်ထက်စာရင် ပိုပြီးတော့ တိုးတက်မှု ရှိပါတယ်။ ပြည်သူတွေကို ပိုပြီးတော့ အကျိုးပြုစေပါတယ်။ ဒီနှစ်အတွင်းမှာ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်ခဲ့တယ်၊ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ငွေကြေး ရယူနိုင်မယ့် အစီအစဉ်တွေလည်း ဖော်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဗဟိုနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေရဲ့ ဆက်စပ်မှုဟာ အားရှိသင့်သလောက် မရှိတာ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ လုံလောက်တဲ့ တိုးတက်မှုမရှိတာနဲ့ စီးပွားရေး တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းကျော်၊ ၇ ရာခိုင်နှုန်း တိုးတက်မှုဆိုတာ မြန်မာနိုင်ငံလို တိုးတက်စနိုင်ငံ၊ အချိန်ယူခါစ နိုင်ငံအတွက် မလုံလောက်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နိုင်ငံအတွက် စိန်ခေါ်မှုတွေက အင်မတန်များပြားပြီး အခက်အခဲတွေ အများကြီး ကျော်ဖြတ်စရာ ရှိတာကြောင့် ဆတက်ထမ်းပိုးတိုးပြီးတော့ ကြိုးစားကြဖို့ အစိုးရ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးတိုးတက်မှုတွေရအောင် လုပ်တဲ့နေရာမှာ လွှတ်တော်တွေနဲ့ အစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန်မှ အရေးကြီးတယ်၊ ဆက်ဆံရေးကောင်းဖို့ လွှတ်တော်ဘက်မှာရော  အစိုးရဘက်မှာပါ တာဝန်ရှိတယ်လို့ ပြောပါတယ်။ “ တချို့တွေက လွှတ်တော်ရဲ့ကဏ္ဍနဲ့ အစိုးရရဲ့ကဏ္ဍကို မြင်တဲ့ဟာမှာ အမြင် နည်းနည်းစောင်းနေတယ်လို့ ကျမတို့ မြင်ပါတယ်။ တယောက်နဲ့ တယောက် ပြိုင်ဘက်လို တချို့က မြင်ပါတယ်။ ဒီလို တယောက်နဲ့ တယောက် ထိန်းသွားတယ်ဆိုတာဟာ အကောင်းအတွက်ပါ။ တဖက်က တဖက်ကို မမှားအောင် ထိန်းသွားတဲ့ သဘောပါ။ ထိန်းကွပ်သွားတဲ့ သဘောပါ။ ပြိုင်ဘက်အနေနဲ့ ထိန်းကွပ်သွားတာ မဟုတ်ပါဘူး။ အစိုးရကနေပြီးတော့ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်ချယ်ချင်လို့။ လွှတ်တော်က အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်ချယ်ချင်လို့ဆိုတဲ့ စိတ်ဓာတ်နဲ့ ထိန်းကွပ်သွားရမှာ မဟုတ်ပါဘူး။ တဖက်နဲ့တဖက် ဘယ်လို ကူညီပြီးတော့ နိုင့်ငံအကျိုးကို ထမ်းဆောင်နိုင်မလဲဆိုတာကို ကြည့်ပြီးတော့ လုပ်သွားရမှာ ဖြစ်ပါတယ်”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ ရာသီဥတု ပြောင်းလဲမှုအတွက် ပြင်ဆင်မှုတွေ နည်းနေတယ်၊ နိုင်ငံရဲ့ အနာဂတ်ဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်နေတာဖြစ်လို့ အကောင်အထည်ဖော်တဲ့ စီမံကိန်းအားလုံးဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အကျိုးပြုရဲ့လား ဆိုတာကို ထည့်တွက်စဉ်းစားပြီးမှ အကောင်အထည်ဖော်စေချင်တယ်။ ပြည်သူလူထုရဲ့ ညီညွတ်တဲ့ ထောက်ခံမှုရဖို့ အစိုးရက တာဝန်ကျေဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ဓာတ်ပုံ - သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024