လေပြင်းတိုက်မှုကြောင့် ဓနုတိုင်းရင်းသားကျေးရွာများ ပျက်စီး
DVB
·
April 30, 2012
ရှမ်းပြည်တောင်ပိုင်းက ဓနုတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ပင်းတယ၊ ရွာငံမြို့နယ်ဘက်မှာ ဒုတိယအကြိမ် လေပြင်းတိုက်ပြီး နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ပင်းတယမြို့နယ်ထဲမှာ ဧပြီလ ၂၇ ရက်က လေပြင်းတွေတိုက်၊ မိုးသီးတွေပါ ကြွေကျခဲ့ပြီး ရွာငံမြို့နယ်ထဲမှာတော့ ဧပြီ ၂၆ ရက် ညနေပိုင်း ကွမ်းသီးလုံးလောက် အရွယ်အစားရှိတဲ့ မိုးသီးတွေကြွေတာ နေအိမ်တချို့နဲ့အတူ စိုက်ခင်းတွေပါ ပျက်စီးသွားတယ်လို့ ရွာငံဒေသခံတဦးက ပြောပါတယ်။
လေဘေးဒဏ်ခံရတဲ့ အဓိကရွာတွေကတော့ ရွာငံမြို့နယ် မြင်းကျတိုး၊ ပွေးပြတ်၊ ကုန်းကြီးရွာက အိမ်ခြေပေါင်း ၁၄ လုံးလောက်နဲ့ သီးနှံစိုက်ခင်း ဧက ၁၀၀ လောက် ပျက်စီးသွားပါတယ်။
ပင်းတယမြို့ ရွှေဥမှင်ဘုရားခြေရင်းက ဈေးဆိုင်ခန်းတချို့နဲ့ ငှက်ပျောတော ရပ်ကွက်က နေအိမ်တချို့ ပျက်စီးသွားခဲ့ပြီး လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ ဆိုပါတယ်။
ရွာငံမြို့နယ်နဲ့ ပင်းတယမြို့နယ်ထဲမှာ မိုးသက်လေပြင်း ကျခဲ့တာဟာ ဒီလထဲမှာဆိုရင် ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၁၉ ရက်နေ့က တိုက်ခတ်တဲ့ လေပြင်းကြောင့် ကျေးရွာပေါင်း ၇ ရွာက နေအိမ် ၆၀ ကျော် ထိခိုက် ပျက်စီးခဲ့ပါတယ်။