မြန်မာ့စီးပွားရေးဘဏ် အစိုးသစ်လက်ထက် အမြတ်ငွေ ကျပ်ဘီလီယံနှင့်ချီရရှိ
သော်ဇင်မျိုး
·
January 10, 2018

အရင်အစိုးရအဆက်ဆက် အရှုံးပေါ်ခဲ့တဲ့ မြန်မာ့စီးပွားရေးဘဏ်ဟာ အန်အယ်လ်ဒီအစိုးရ စတင်တာဝန်ယူတဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကစတင်ပြီး အမြတ်ရရှိလာတယ်လို့ မြန်မာ့စီးပွားရေးဘဏ် ဧရာဝတီတိုင်းဒေသကြီး မန်နေဂျာ ဦးအောင်ကျော်ဦးက ပြောပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မြန်မာ့စီးပွားရေးဘဏ် အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း အမြတ်ငွေကျပ် ၃ ဒသမ ၁၅ ဘီလီယံနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ပထမ ၆ လတာ အတွင်းမှာတင် ၂ ဒသမ ၂ ဘီလီယံအထိရရှိပြီး တနှစ်လုံးအနေနဲ့တော့ ၅ ဘီလီယံလောက် အမြတ်ရရှိမယ်လို့ သူက ခန့်မှန်းပါတယ်။
တနိုင်ငံလုံးအနေနဲ့ကတော့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်းမှာ ကျပ် ၆၅ ဘီလီယံ ရရှိခဲ့တယ်လို့ သူကပြောပါတယ်။
အရင်ကတော့ နိုင်ငံရေးမူဝါဒအရ အတိုးမဲ့ချေးငွေတွေ ထုတ်ချေးပေးခဲ့ရတဲ့အတွက် ဘဏ်အနေနဲ့ အရှုံးပေါ်ခဲ့ရတာဖြစ်ပြီး အခုအခါမှာ မူဝါဒအသစ်အရ အမြတ်ငွေနည်းနည်းနဲ့ ချေးငွေများများ ထုတ်ချေးလာတဲ့အခါမှာ အမြတ်ငွေတွေ ရရှိလာတယ်လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။
နောက်နှစ်တွေမှာတော့ ချေးငွေတွေ ပိုပြီး ထုတ်ချေးလာမှာ ဖြစ်တဲ့အတွက် အမြတ်ငွေလည်း ပိုပြီး ရရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။