MLM လုပ်ကိုင်သူတချို့ ဆရာဝန်ဟန်ဆောင်ပြီး ဆေးခန်းများတွင်လာထိုင်မှုရှိနေ
ပိုင်စိုး
·
January 9, 2018
ဆင့်ပွားကွန်ရက်ချိတ်ဈေးရောင်းလုပ်ငန်း MLM လုပ်ကိုင်သူတချို့ ဆရာဝန် အဖြစ်ဟန်ဆောင်ပြီး ဆေးခန်းတွေမှာ လာထိုင်တာ ဒီရက်ပိုင်းမှာပဲ ကြုံတွေ့နေရတယ်လို့ ဆရာဝန်တချို့က ပြောပါတယ်။
ပုံမှန်ဆေးကုပေးနေတဲ့ ဆရာဝန်တွေမအားတဲ့ ရက်မျိုးမှာ ကိုယ်စားကုပေးမယ့် ဆရာဝန် အနေနဲ့ လာရောက်လုပ်ကိုင်ကြတာလို့ ဆရာဝန်တွေက ပြောပါတယ်။
လူငယ်ဆရာဝန်များ အလုပ်ရှာဖို့ ဖွင့်ထားတဲ့ ဖေ့စ်ဘွတ်ခ်အုပ်စုကနေတဆင့် ဆေးခန်းတွေမှာ လာထိုင်ကြတာ ဖြစ်ပါတယ်။
အထွေထွေရောဂါကုဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာ အောင်စည်သူဖြိုးက “ကျနော့်ဆီမှာ လာထိုင်တာက မိန်းကလေးပါ။ တရက်၊ နှစ်ရက်တည်း ထိုင်တာဆိုတော့ အထောက်အထားတွေ မတောင်းလိုက်ဘူး။ ပြီးတော့ ဆရာဝန်ယောင်ဆောင်တယ်ဆိုတာ ဘယ်သူမှ မလုပ်ရဲလောက် ဘူးလေ။ ကျနော့်ဆေးခန်းမှာ ၂ ရက်ထိုင်တယ်။ နောက်နေ့မှာ ဒီဆေးခန်းမှာပဲ ထိုင်တဲ့ ဆရာဝန်က ပြောတယ်။ ဆေးကုတာတွေ မှားနေတာ၊ အင်္ဂလိပ်စာလုံးပေါင်းတွေ မှားနေတာတွေ ရှိတယ်ဆိုတော့ ကျနော်က သူ့ဆီက ဆမ နံပါတ်တောင်းတယ်။ သူပြောတာက နံပါတ် သုံးသောင်းနှစ်ထောင်ကျော်။ ကျနော်တောင် ကျောင်းပြီးတာ တော်တော်ကြာပြီ။ ဆမ သုံးသောင်းလေးထောင်ကျော်တယ်။ အဲဒါနဲ့ သူ့ဆီက နောက်တကြိမ်ထပ်တောင်းတော့ လေးသောင်းကျော်လို့ ပြောပြန်ရော” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆေးခန်းမှာထိုင်ရတဲ့ ရက်အတွင်းမှာ လိမ်လည်တဲ့ အမျိုးသမီးဟာ ဆရာဝန်တယောက် အနေနဲ့ ဆေးခန်းမှာထိုင်တဲ့ ပုံစံ ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘွတ်မှာ တင်တာတွေ လုပ်ခဲ့တယ်လို့ လည်း သူက ဆိုပါတယ်။
သူ့ရဲ့ဖေ့စ်ဘွတ်မှာ MLM ကုမ္ပဏီတခုရဲ့ အသင်းဝင် ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီက ဓာတ်စာတွေ သုံးဖို့ ညွှန်တာတွေ တွေ့ရပါတယ်။
ပြီးတော့ အဲဒီအမျိုးသမီးဟာ ဒေါပုံက ဆေးခန်းတခုမှလည်း သွားထိုင်နေတုန်းမှာပဲ ဒေါက်တာ အောင်စည်သူဖြိုးက သူ့အကြောင်း ဖေ့စ်ဘွတ်ခ်မှာ ရေးတင်လိုက်လို့ ဆေးခန်းကို မလာတော့ဘူး လို့လည်း သိရပါတယ်။
လူငယ်ဆရာဝန်များ အလုပ်ရှာဖို့ ဖွင့်ထားတဲ့ဖေ့စ်ဘွတ်ခ်အုပ်စု တာဝန်ခံတယောက် ဖြစ်တဲ့ ဒေါက်တာ ဇော်လင်းဗိုလ်က “ကျနော်တို့က အဲဒီက ဆရာဝန်ကို ပြောထားတယ်။ မသိချင်ယောင် ဆောင်ပြီး နောက်တခါလာရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ခေါ်ပြီး စစ်မယ်ပေါ့။ ဒါပေမယ့် မလာတော့ဘူး။ အဲဒီဆေးခန်းမှာလည်း လူနာတွေဆီက ဖုန်းနံပါတ်တွေ တောင်းတယ်။ ကုတာတွေ မှားနေတာ ရှိတယ်ဆိုပြီး လူနာတွေကို ပြန်မေးကြည့်တော့ သိရတယ်” လို့ ပြောပါတယ်။
ပြီးတော့ ရွှေပြည်သာဘက်က ဆေးခန်းတခုမှာလည်း MLM လုပ်ကိုင်တဲ့ အမျိုးသားတယောက်က ဆရာဝန်အဖြစ် လိမ်ပြီး ဆေးခန်းမှာ တရက်ထိုင်သွားသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းတွေမှာ ဆရာဝန်မဟုတ်သူလို့ ယူဆရတဲ့ အကောင့်တွေနဲ့ ဂရုပ်ကို လာချိတ်ဆက်ကြတာ တော်တော်များတယ်လို့ ပြောပါတယ်။
“အကောင့် အတုတွေနဲ့လည်း လာကြတယ်။ ဒီဂရုပ်မှာက ရက်ပိုင်းလေးပဲ ဆေးခန်းထိုင်ဖို့ လိုတာတွေကို ခေါ်လေ့ရှိတယ်။ သူတို့က အဲလို ဆေးခန်းတွေကို သွားချိတ်တာ” လို့ ဒေါက်တာ ဇော်လင်းဗိုလ်က ပြောပါတယ်။
ဆက်ပြီးတော့ “ဆေးခန်း တခုခုမှာ ထိုင်နေတဲ့ ပုံတွေက သူတို့အလုပ်အတွက် အများကြီး အထောက်အကူ ဖြစ်နိုင်တယ်လေ။ အခုလို လုပ်နေတာက သူတို့လုပ်တဲ့ လုပ်ငန်းက ချပေးထားတဲ့ ပုံစံတော့မဟုတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ အထက်က လူတွေက နည်းမှားတွေ ပေးနေရင်၊ သူတို့ကိုယ်တိုင် အထက်အဆင့်ကိုရောက်ပြီး ဒီလိုနည်းမှားတွေပေးရင်တော့ မကောင်းဘူး။ နောက်တချက် စဉ်းစားစရာကတော့ သူတို့ကိုယ်တိုင် ဆရာဝန်ရူး ရူးနေတာလားပေါ့” လို့ ပြောပါတယ်။
MLM ကုမ္ပဏီတွေက ရောင်းချတာတွေမှာ ဆေးဝါးတွေပါသလို ဓာတ်စာတွေလည်း ပါပြီး ဒါတွေဟာ ရောဂါကို အမှန်တကယ်ပျောက်အောင် မကုပေးနိုင်ဘူးလို့ ဝေဖန်တာတွေ ရှိသလို လူနာတွေကို မြှူဆွယ်တယ်ဆိုပြီးတော့လည်း ကန့်ကွက်တာတွေ ရှိနေတာပါ။