၆လအတွင်းပြီးစီးနိုင်မည့် လုပ်ငန်းများအတွက်သာ ဘတ်ဂျက်တောင်းရန် သမ္မတ ပြော

1.6K
မြန်မာပြည်ရဲ့ဘဏ္ဍာရေးနှစ်ကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကစပြီး အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိပြောင်းလဲပြင်ဆင်သတ်မှတ်မှာဖြစ်လို့ ၆ လတာကာလအတွင်း ပြီးစီးနိုင်မယ့် လုပ်ငန်းတွေကိုသာ ဘတ်ဂျက်တောင်းခံကြဖို့ သမ္မတ ဦးထင်ကျော် က ပြောပါတယ်။
နေပြည်တော်၊ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမမှာ ဇန်န၀ါရီ ၉ရက် ဒီနေ့လုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး ငွေကြေးသုံးစွဲရာမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု စည်းမျဉ်းနဲ့အညီ သုံးစွဲကြဖို့လည်း ပြောပါတယ်။
ဒီတကြိမ် အစည်းအဝေးမှာ အဓိက ဘဏ္ဍာရေးနှစ် အပြောင်းအလဲကာလ ကြားကာ ၆လအတွက် ဘတ်ဂျက် ချထားပေးဖို့ စည်းဝေးကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးနှစ်ကို အရင် ဧပြီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ သတ်မှတ်ခဲ့ရာကနေ လာမယ့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး အောက်တိုဘာလ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်မှာ ဖြစ်ပါတယ်။
ကူးပြောင်းချိန်ကာလဖြစ်တဲ့ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက် အထိ ၆ လတာကာလအတွက် ဌာန၊ အဖွဲ့အစည်းများရဲ့ အရ၊ အသုံး ခန့်မှန်းခြေ ငွေစာရင်းကို သီးခြားရေးဆွဲဆောင်ရွက်ရခြင်းဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော် က အစည်းအဝေးအဖွင့်မှာ ပြောပါတယ်။
ကူးပြောင်းချိန်ကာလ ၆ လတာကာလအတွက် နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium Term Fiscal Framework)အရ အသုံးစရိတ်ဘောင်တွေ သတ်မှတ်ပေးခြင်းမရှိဘဲ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများကို ၆ လတာကာလအတွက်ရရှိမယ့် ရငွေများ၊ သုံးစွဲမယ့် အသုံး စရိတ်များကို ခန့်မှန်းရေးဆွဲပြီး တင်ပြစေခဲ့တာလည်းဖြစ်ပါတယ်။
၆ လတာကာလ ဘတ်ဂျက်အတွင်း ရှေ့ပိုင်း ၂ လသာ နွေရာသီဖြစ်ပြီး ကျန် ၄ လဟာ မိုးရာသီဖြစ်တဲ့အတွက် လုပ်ငန်းသဘာဝအရလုပ်ငန်းသစ်တွေ ဆောင်ရွက်ဖို့ အချိန်လုံလောက်မှု မရှိနိုင်ဘူးလို့လည်း သမ္မတက ထောက်ပြခဲ့ပါတယ်။
ဘတ်ဂျက်တင်ပြတောင်းခံရာမှာ သာမန်အသုံးစရိတ် အပိုင်းမှာ ၀န်ထမ်းသစ်ခန့်ထားတာကို လာမည့်နှစ်ရဲ့ ၆ လတာကာလအတွင်း အမှန်တကယ် ခန့်ထားနိုင်မယ့်ကာလအပိုင်းအခြားအတွက်သာ တင်ပြတောင်းခံရမယ်၊ စက်ကိရိယာ၊ မော်တော်ယာဉ်နဲ့ အဆောက်အဦ ပြင်ဆင်တာတွေကိုလည်း ၆ လတာ ကာလအတွင်း ပြီးစီးနိုင်တဲ့ ကိစ္စတွေအတွက်သာ တောင်းခံရမယ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ပိုင်းမှာ ဆောင်ရွက်ဆဲ တည်ဆောက်ရေးလုပ်ငန်းတွေ ၆ လတာကာလအတွင်း ပြီးစီးနိုင်မယ့် လုပ်ငန်းတွေကို သာ တောင်းခံကြရမယ်လို့ သမ္မတက ဆိုပါတယ်။
၆ လတာကာလအတွင်း အမှန်တကယ်ရရှိသုံးစွဲနိုင်မယ့် ပြည်ပအကူအညီ ရငွေတွေ၊ ပြည်ပချေးယူရငွေတွေကိုသာ လျာထားကြပါလို့လည်း သမ္မတက မှာကြားပါတယ်။
ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလ ၁ ရက်ကနေ စက်တင်ဘာလ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်ဖို့ ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-သမ္မတရုံး