ဖားကန့်မြို့နယ် ဆိတ်မူ မူကြိုကျောင်း မီးလောင်
နန်းမြနဒီ
·
January 9, 2018
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုထဲမှာ မနေ့က မီးလောင်မှုဖြစ်ပွားပြီး မူကြိုကျောင်းတကျောင်း ဆုံးရှုံးသွားပါတယ်။
ညနေ ၆ နာရီကျော်လောက်က ဆိတ်မူအုပ်စု ရပ်ကွက် ၂ ရှိ နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းက ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းမှာ မီးစက်ကနေ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့တာလို့ ဆိတ်မူအုပ်စု မီးသတ်ဦးစီးမှူး ဦးအေးသိန်းက ဒီဗွီဘီကို ပြောပါတယ်။
“မီးစက်ကနေ ၀ါယာရှော့ခ်ဖြစ်ပြီး လောင်တာပါခင်ဗျ။ မီးစလောင်တာက ညနေ ၆ နာရီ မိနစ် ၂၀၊ ကျနော်တို့ ဆိတ်မူအုပ်စုက မီးသတ်ကားရော၊ ဆိုင်းတောင်ကရော စုစုပေါင်း ၃ စီးနဲ့ သွားငြှိမ်းသတ်တာ ညနေ ၆ နာရီ မိနစ် ၄၅ လောက်မှာ ငြိမ်းသွားတယ်။ တခြား အကူမီးသတ်ကားတွေလည်း ရောက်လာပါတယ်။ သူတို့ရောက်တော့ မီးငြိမ်းသွားပြီ။ မီးစလောင်တဲ့အချိန် ကျောင်းမှာ လူမရှိဘူး။ ကလေးတွေလည်း ကျောင်းဆင်းသွားပြီဆိုတော့ ထိခိုက်ဒဏ်ရာ ရတာတွေတော့ မရှိပါဘူး။”
အဆိုပါ မူကြိုကျောင်းမှာ နှစ်ခြင်းကျောင်းအပိုင် ပျဉ်ခင်း၊ သံဇကာကာ၊ သွပ်မိုးဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၂ သိန်း ၆ သောင်း ခန့်မှန်းတယ်လို့ မီးသတ်ဦးစီးက ပြောပါတယ်။
ဆိတ်မူအုပ်စုထဲမှာ ပြီးခဲ့တဲ့လ ၇ ရက်နေ့ကလည်း ဆန်းကြွယ်ကျေးရွာက ကုန်စုံဆိုင်တဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ - မှော်မင်း သား