မင်းတုန်းမြို့နယ်တွင် ကျေးရွာရာအိမ်မှူးဟောင်းကို ဆယ်အိမ်မှူးအသစ်က ဓားဖြင့် ခုတ်သတ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်၊ လင်ဘန်းအုပ်စု သရက်စမ်း ကျေးရွာမှာ ရာအိမ်မှူးအဟောင်းကို ၁၀ အိမ်မှူးအသစ်က ဓားနဲ့ ခုတ်သတ်မှု ဇန်နဝါရီလ ၈ ရက်နေ့ ည ၇ နာရီလောက်မှာ ဖြစ်ပွားခဲ့ပါတယ်။
သရက်စမ်းကျေးရွာ တရွာထဲနေ ရာအိမ်မှူးဟောင်း ဦးတင်ထွေးရယ် ဓားနဲ့ခုတ်သူ ၁၀ အိမ်မှူးအသစ် စိုးနောင် (၂၄ နှစ်)နဲ့ အိမ်နီးချင်း ဦးဝမ်းတင်တို့ အရက်အတူသောက်ကြရင်း စကားအရနှိမ်ပြောတာကို မခံနိုင်လို့ အိမ်ပြန်ဓားယူပြီး ခုတ်လိုက်တာလို့ သိရပါတယ်။
နယ်မြေရဲကင်းစခန်းမှူး ရဲအုပ်သူရိန်အောင်က “အမှန်က မူးလို့ဖြစ်တာ။ သူက အဖမ်းခံဖို့ လင်ဘန်းကိုလာတာ။ လမ်းမှာတခါတည်း တွေ့ပြီး ဖမ်းခဲ့တယ်။ အခုသက်သေခံဓား သိမ်းမယ်။ မြို့နယ်မှူးနဲ့ မြို့မစခန်းမှူးလာမယ်”လို့ ပြောပါတယ်။
ဓားနဲ့ခုတ်သူ စိုးနောင်က“သူက မင်းသရက်မြို့လောက်ဘဲ ရောက်ဘူးတာ။ အခုမှ ၁၀ အိမ်မှူးဖြစ်တာ ၂ ရက်ဘဲ ရှိသေးတယ်။ အားအများကြီးဘဲ ငါ့ကိုနှိမ်တာ မခံနိုင်လို့ ခုတ်လိုက်တာ ထက်ခြမ်းကွဲသွားတယ်။”လို့ ပြောပါတယ်။
သေဆုံးသူရဲ့ဇနီးမစန်းလွင်မှာလည်း နောက်ကျောမှာ ဓားဒဏ်ရာတချက်ရခဲ့ပြီး တလသား အရွယ်ကလေးကို ကာကွယ်ရင်းဝင်ရောက်တားမြစ်ရာက ဒဏ်ရာရခဲ့တာလို့ ပြောပါတယ်။
သေဆုံးသူကို ညတွင်းချင်းမြို့နယ်ဆေးရုံကိုဆေးအဖြေရဖို့ ပို့ဆောင်ထားပြီး(ပ) ၇/၁၈ ရာဇသတ်ကြီးပုဒ်မ၃၂၆/ ၃၀၂နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သရက်စမ်းကျေးရွာဟာ အိမ်ခြေ ၂၀ သာရှိတဲ့ ရွာသေးဖြစ်ပြီး အရှိုချင်း အများစု နေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရွာဖြစ်ပါတယ်။
သတင်း - နေမှူးလူ