A d v e r t i s e m e n t With Us

သေဆုံးပြီဟု အတည်ပြုခဲ့ပြီး ရင်ခွဲရုံရောက်မှ အံ့ဖွယ် အသက်ပြန်ရှင်လာခဲ့သူ

ဓာတ်ပုံ - Digital Vision
စပိန်နိုင်ငံမှာ အမျိုးသားတဦးကို ဆရာဝန် ၃ ဦးက သေဆုံးခဲ့ပြီလို့ အတည်ပြု ပြောကြားခဲ့ပြီး ရင်ခွဲရုံတွင်းရောက်ချိန်မှာ အံ့ဖွယ် အသက်ပြန်ရှင်ခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဂွန်ဇာလို မွန်တိုယာ အမည်ရတဲ့ အသက် ၂၉ နှစ်အရွယ် အဲဒီအမျိုးသားဟာ ခိုးမှုနဲ့ စပိန်နိုင်ငံ အနောက်မြောက်ပိုင်း၊ အက်စ်တူရီးယပ်စ် ပြန်လည်ထူထောင်ရေးစင်တာမှာ အကျဉ်းကျခံနေရသူတဦးဖြစ်ကာ ဇန်နဝါရီ ၇ ရက်နေ့ကတော့ အကျဉ်းခန်းတွင်းမှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ အသက်သေဆုံးရတဲ့ အကြောင်းရင်းကို ဖော်ပြနိုင်တဲ့ လက္ခဏာ တစုံတရာ မတွေ့ရှိခဲ့ရပေမယ့် ဆရာဝန် ၃ ဦးရဲ့ အတည်ပြုချက်နဲ့ ရုပ်အလောင်းကို ရင်ခွဲရုံဆီ ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နာရီအနည်းငယ်အကြာမှာ သေဆုံးသူဆီက အသံတွေကြားရပြီး သူဟာ အသက်ရှင်နေသေးတယ်ဆိုတာကို သိခဲ့ကြပြီး နောက်မှာတော့ မှုခင်းဆရာဝန်တွေက အိုဗီဒိုမြို့ဆေးရုံဆီ ပို့ဆောင်ခဲ့တာပါ။ ဒေသတွင်း သတင်းဝက်ဘ်ဆိုက်တခုဖြစ်တဲ့ လာဗော့ဇ်ဒီအက်စ်တူရီးယပ်စ်မှာတော့ ရင်ခွဲရုံ ကျောက်စားပွဲပေါ်မှ သူ့ရဲ့ဟောက်သံကြောင့် ကံကောင်းထောက်မစွာ အသက်ရှင်သန်လာခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ သေဆုံးသူရဲ့ ခုလိုအဖြစ်အပျက်ဟာ ဆေးပညာမှာတော့ သတိလစ်မေ့မျောပြီး ခန္ဓာကိုယ် တောင့်တင်းသွားတဲ့ အခြေအနေမျိုးဖြစ်ကာ ထိတွေ့အာရုံခံနိုင်မှုနဲ့ အသိစိတ် ဆုံးရှုံးသွားတဲ့ အခြေအနေတခု ဖြစ်တယ်လို့ ဆိုပါတယ်။ အချိန် ၄ နာရီလောက် အကြာမှာတော့ သူဟာ အသက်ပြန်ရှင်လာခဲ့ပြီဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ လက်ရှိမှာတော့ မွန်တိုယာကို အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိကာ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေဆဲဖြစ်ကာ ဘာတွေဆက်ဖြစ်လာနိုင်မလဲ ဆိုတာကို မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up