Homeမြန်မာသတင်း
အမှန်တရားဖော်ထုတ်ရန်တောင်းဆိုသည့် လူငယ် ၅ ဦးကို လွိုင်ကော်တရားရုံးတွင် ရုံးထုတ်
အမှန်တရားဖော်ထုတ်ရန်တောင်းဆိုသည့် လူငယ် ၅ ဦးကို လွိုင်ကော်တရားရုံးတွင် ရုံးထုတ်
DVB
·
January 9, 2018
ကေအန်ပီပီ ရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးမှုအပေါ် အမှန်တရားဖော်ထုတ်ဖို့ တောင်းဆိုခဲ့တဲ့ လူငယ် ၅ ဦးကို ဇန်နဝါရီ ၈ ရက်နေ့က လွိုင်ကော်မြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
ကရင်နီလူငယ်တချို့ တရားရုံးထဲ ဝင်ခွင့်မရတာနဲ့ ပတ်သက်ပြီး တရားရုံးရှေ့မှာ ကိုကျော်ထင်အောင်က “မှတ်ပုံတင်မပါဘဲ တောက်လျှောက်ဝင်ခွင့်ရတဲ့ အနေအထားကနေ ဒီနေ့မှ ထုတ်ပြန်လိုက်ခြင်းက ဘယ်လိုသဘောလဲ ဆိုတာကို သိလိုပါတယ်။ တကယ်လို့ ဒီဒေသန္တရအမိန့်ကို ပြပြီးတော့မှ တည်မယ်ဆိုရင် နောက်ရက်တွေမှာ ကျနော်တို့တွေ မှတ်ပုံတင်ပါမှ ဝင်ရမယ် ဆိုတာကို ကျနော်တို့တွေ စောင့်ကူပြီးတော့ စစ်ပေးပါမယ်။ ဝန်ထမ်းမို့လို့ပါ၊ ကျန်တာမို့လို့ပါ ဆိုတာတွေ ကျနော်တို့ မလိုချင်ပါဘူး။ ဥပဒေဆိုတာ ကျောသား ရင်သား မခွဲခြားဘဲနဲ့ ညီရမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
တရားစွဲခံထားရတဲ့ လူငယ် ၅ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက အမိန့်မချမှတ်ခဲ့ဘဲ လာမယ့် ဇန်နဝါရီ ၁၀ ရက်မှာ ရုံးချိန်း ပြန်လည်ခေါ်ယူထားပါတယ်။ ဒီနေ့ တရားရုံးကို ကရင်နီ အမျိုးသားတိုးတက်ရေးပါတီရဲ့ အထွေထွေအတွင်းရေး ကိုရွှေမျိုးသန့် လာရောက် ကြားနာခဲ့ပါတယ်။
လူငယ် ၅ ဦးက တရားရုံးအပြင်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဖျက်သိမ်းရမယ်၊ ပြည်နယ်ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ချိုးဖောက်နေတဲ့ စစ်တပ်ကို အပြီးပိုင် မောင်းထုတ်ရမယ်၊ တရားရုံးဆိုတာ တရားမျှတမှုကို ဖော်ဆောင်ပေးရမယ်၊ နှိပ်စက်ဖို့ မဟုတ်ဘူး စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။
လူငယ် ၅ ဦးကို ဖမ်းဆီးအရေးယူထားတာကို ချက်ချင်း တောင်းပန်ဖို့၊ နောင်မှာ ဒ.က.စ တပ်ကဖြစ်စေ၊ လက်နက်ကိုင်တပ်တွေက ဖြစ်စေပြည်သူတဦးတယောက်ကိုမျှ ဥပဒေမဲ့ သတ်ဖြတ်အလောင်းဖျောက်မှုတွေဆက်လက်မဖြစ်ပွားစေရေး အာမခံချက်တွေပေးဖို့ ကရင်နီအင်အားစု အဖွဲ့ ၂၁ ဖွဲ့က ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။
သတင်း - ခွန်းတူးတူးလေး