ပုလိပ်မြို့ ရတနာလာဘမုနိမြွေဘုရား ရွှေသင်္ကန်းကပ်ထားသည့်ရွှေများ ပျောက်ဆုံးသဖြင့် ခေတ္တပိတ်ထား

1.9K
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ ရတနာလာဘမုနိ မြွေဘုရား ရွှေသင်္ကန်းကပ်ရာ ယခင်ရွှေတွေ ပျောက်ဆုံးသွားတဲ့အပေါ် မြို့ခံလူထုက မကျေနပ်တဲ့အတွက် ဇန်နဝါရီ ၇ ရက်က ဘုရားကို ယာယီခေတ္တ ပိတ်ထားခဲ့ရပါတယ်။
စဥ့်ကိုင်မြို့နယ် ပလိပ်အုပ်စု သံဃနာယကအနေနဲ့ လက်ရှိတာဝန်ယူထားတဲ့ ဘုရားဂေါပကတွေကို မနေ့ညနေက သက်ဆိုင်ရာတာဝန်ရှိသူတွေ ရှေ့မှောက်မှာ စစ်ဆေး ရှင်းလင်းခဲ့ကြပါတယ်။
ပလိပ်မြို့အုပ်စု သံဃနာယကဥက္ကဋ္ဌ ဦးမဏ္ဍလက “အရေးယူဖို့ဆိုတာကတော့ ထွက်နေတဲ့ ကောလာဟလတွေကို သူတို့ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့အပေါ် မူတည်နေတယ်။ သံဃနာယကကို တိုင်ပင်ပြီး ခွင့်ပြုချက်တောင်းပြီး လုပ်ကြတာ မဟုတ်ဘူး။ ဘုရားကို အမြန်ဆုံး ပြန်ဖွင့်မှာပါ။ အခြေအနေအရ ခဏပိတ်ထားရတာ”လို့ မိန့်ကြားပါတယ်။
ပလိပ်မြို့ခံ ကိုစိုးလွင်က “လက်ရှိလုပ်နေတဲ့ ဂေါပကတွေကို မြို့ခံလူထုက မကြိုက်ကြဘူးလေ။ သမိုင်းမကောင်းတဲ့ သူတွေက များနေတာ။ အမည်ပျက်လည်း များတယ်။ အဓိကတော့ ငွေရေးကြေးရေး ကိစ္စတွေနဲ့ အမည်ပျက်ကြလို့ မကြာခဏ ဂေါပက ရွေးနေရတယ်”လို့ ပြောပါတယ်။
ဘုရားဂေါပကဥက္ကဋ္ဌ ဦးခင်မောင်ဦးကို ဆက်သွယ်မေးရာမှာ ဘုရားကို ရွှေသင်္ကန်း ကပ်လှူခွင့်ရရှိတဲ့ လေလံပိုင်ရှင်နဲ့ လေလံမရရှိတဲ့သူတို့ အဆင်မပြေရာကနေ တိုင်ကြ တောကြတာ ဖြစ်တယ်လို့ ပြောပါတယ်။