ARSA အဖွဲ့၏ တိုက်ခိုက်မှု အမေရိကန်သံရုံးရှုတ်ချ

မြန်မာတပ်မတော်ရဲ့ ယာဉ်တစီးကို ARSAအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အပေါ် ရှုတ်ချတယ်လို့ ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးက ကြေညာပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း မောင်တော- တောင်ပြိုလမ်းပေါ် တရိမ်းရွာအနီးမှာ ဇန်န၀ါရီ ၅ ရက် မနက်က ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရတဲ့အတွက် တပ်မတော် မော်တော်ယာဉ်တစီး ထိမိပြီး အရာရှိတယောက် အပါအဝင် တပ်မတော်သား ခြောက်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ ARSA ကထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုအပေါ် ရှုတ်ချပြီး အဲဒီ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားကြသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိတယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပြောပါတယ်။
အကြမ်းဖက်လုပ်ရပ်ဟာ ရခိုင်ပြည်နယ်နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ပိုမို အားနည်းမှုကိုသာ ဖြစ်ပေါ်စေတယ်၊ ပါဝင်ပတ်သက်သူအားလုံးတို့ရဲ့ ပြောဆို ဆောင်ရွက်မှုတွေဟာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူတွေ နေရပ်ကိုလုံလုံခြုံခြုံနဲ့ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်တဲ့ အခြေအနေကို တည်ဆောက်နိုင်ဖို့အတွက် ဖြစ်စေလိုတယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တောင်ပြိုမှမောင်တောမြို့သို့ ဆေးရုံတက်ရောက်ရမယ့် လူနာသယ်ဆောင်လာတဲ့ ယာဉ်တစ်စီးကို ဇန်နဝါရီ ၅ ရက်မနက်က ကျွန်းပေါက်ပြုစုရွာနဲ့ တရိန်း(မြို)ရွာအကြားအရောက်မှာ တောင်ကုန်းပေါ်မှ သောင်းကျန်းသူ အင်အား ၂၀ ဦးခန့်က လက်လုပ်မိုင်း၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ယာဉ်ပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။